သေဒဏ်အမိန့်ပါလာသောစိတ်
- လူသားအားလုံးဟာ မွေးလာတည်းက သေဒဏ်အမိန့်ပါလာပြီးသားဆိုတာ လူတိုင်းသိကြတယ်။ ဘယ်နေ့သေမယ်၊ ဘယ်နေရာမှာ ဘယ်လိုပုံစံနဲ့ သေမယ်ဆိုတာကိုသာ မသိနိုင်ကြတာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် တကယ်သေရမယ့်အချိန်မှာ သက်သက် သာသာနဲ့ သေချင်ကြတာကတော့ လူတိုင်းရဲ့ ဖြစ်ချင်မှုပဲ။ သေခါနီး နောက်ဆုံးထွက်သက်လေးမှာ ဘယ်လို စိတ်အသိမျိုး ရှိသင့်လဲ? တစ်ခုတည်းသော အဖြေက ကြိုတင်ပြင်ဆင်မှုပဲ။ ခန္ဓာကိုယ်ထဲက အသက်ရှင်ခြင်းကိစ္စတွေကို တာဝန်ယူထားတဲ့ အင်္ဂါအစိတ်အပိုင်းတွေ လှုပ်ရှားမှုရပ်သွားတဲ့အချိန်မှာ စိတ်စေတသိက်တွေရဲ့ လှုပ်ရှားခြင်းကိစ္စတွေလည်း တစ်ပြိုင်တည်း ရပ်သွားဖို့လိုတယ်။ အစွဲအလမ်းဆိုတဲ့ စိတ်ကလေးတစ်ခု လှုပ်လှုပ်ရှားရှားနဲ့ ဖြစ်ခွင့်ရပြီး ကျန်နေသေးရင်တော့ ဒုက္ခက လွတ်မြောက်မှာ မဟုတ်ဘူး။
သေပြေး ရှင်ပြေး ပြေးနေသောစိတ်
- လူတစ်ယောက်ရဲ့ နောက်ဆုံးထွက်သက်မှာ ဖြစ်ပေါ်နေတဲ့ စိတ်ပဲ။ သေဘေးက လွတ်အောင် ရုန်းထွက်နေတာထက် ဒုက္ခထဲက လွတ်မြောက်အောင် ရုန်းထွက်နိုင်တဲ့ စိတ်အသိဉာဏ် ရှိအောင် တည်ဆောက်နိုင်ဖို့က ပိုပြီး လိုအပ်တယ်။
သေမထူးနေမထူးစိတ်
- ဘာပဲလုပ်လုပ် အခက်အခဲတွေနဲ့ တွေ့ကြုံပြီး မအောင်မြင်ခဲ့တဲ့ အကြိမ်အရေအတွက် များလာရင်၊ စိတ်တွေ ဖောက်ပြန် လာတတ်တယ်။ ကဲ! ဖြစ်ချင်ရာ ဖြစ်တော့ကွာဆိုတဲ့ စိတ်ဟာ သေမထူးနေမထူး စိတ်အဆင့်ဆီကို ဦးတည်နေပါတယ်။
သေရေးရှင်ရေး ကြိုးစားစိတ်
- လူသားမှန်ရင် အသက်ရှင်ရေးအတွက် ပုံစံမျိုးစုံနဲ့ ကြိုးစားနေကြတာပါပဲ။ သေရေးအတွက်သာ ဘယ်လိုအသိနဲ့ ကြိုးစားပြီး ကြိုတင် ပြင်ဆင်ထားမလဲ?
သေသပ်သောစိတ်
- စည်းကမ်းရှိတဲ့၊ စနစ်တကျရှိတဲ့၊ စေတနာပါတဲ့၊ တိကျတဲ့၊ အလုပ်ကို ရိုသေတဲ့ အဓိပ္ပာယ်ကောင်း များစွာပါဝင်နေတဲ့ စိတ်အမျိုးအစား။