အာရုံကို ထိတွေ့တဲ့ သဘော၊
မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ပစ္စည်းခြောက်ခုကြောင့်၊
ဖြစ်ပေါ်လာတဲ့ အာရုံခြောက်ပါးဟာ
စိတ်ထဲကို ၀င်လာပြီး အာရုံ နဲ့ စိတ်
စိတ်ချင်းထိတွေ့မှုကို ဖြစ်စေတယ်။ အဲဒါ ဖဿ၊
ခန္ဓာကိုယ်နဲ့ တစ်စုံတစ်ရာ ထိတွေ့တဲ့ အထိအတွေ့မျိုး မဟုတ်ဘူး။
အာရုံနဲ့ စိတ်နဲ့တွေ့ထိပြီး မူရင်းစိတ် လှုပ်လှုပ်ရှားရှား ပြောင်းရွှေ့သွားစေတာမျိုး၊
အာရုံနဲ့ စိတ်နဲ့ တွေ့ထိတဲ့ ထိချက်က
တစ်ခါတလေကျရင် ကိုယ်ထိလက်ရောက် ထိတွေ့တာထက် ပိုပြင်းထန်ပြီး သိသာပေါ်လွင် ထင်ရှားတယ်။
လက်သုပ် သုပ်တဲ့နေရာမှာ သံပုရာသီးကို ညှစ်ချပြီး အားရပါးရ နယ်နေတာကို မြင်ရရင် သွားတွေကျိန်းပြီး ပါးစပ်ထဲမှာ သွားရည်တွေ ထွက်ကုန်တာ စိတ်နဲ့အာရုံနဲ့ ထိတွေ့တဲ့ ဖဿသဘောပဲ။
အရွယ်ရောက်ခါစ ယောက်ျားလေးတွေက ရွယ်တူမိန်းကလေးတွေရဲ့ အသံကိုကြားရင်၊ ရုပ်ကိုမြင်ရင်
စိတ်ထဲမှာ လှုပ်လှုပ်ရှားရှား ဖြစ်သွားတာ။ စိတ်နဲ့ အာရုံနဲ့ ထိတွေ့သွားတဲ့ ဖဿသဘောပဲ။
သရဲခြောက်တယ်လို့ ကြားဖူးထားတဲ့ နေရာတစ်နေရာကို ရောက်သွားလို့ ကြားဖူးထားတာ သတိရလိုက်တာနဲ့ ချက်ချင်း ကြက်သီးထသွားတာမျိုးဟာ အတွေးအာရုံနဲ့ စိတ်နဲ့ ထိတွေ့တဲ့ ဖဿသဘောပဲ။
နားလည်လွယ်တဲ့ တရားအဆုံးအမသံကို ကြားလိုက်တဲ့အခါမှာ စိတ်အတွင်းထဲထိ စူးနစ်ဝင်ရောက်ပြီး ကြားတဲ့ တရား အဆုံးအမအတိုင်း စိတ်ကို ပြုပြင်လိုက်တာဟာ အကြားအာရုံနဲ့ စိတ်နဲ့ ထိတွေ့တဲ့ ဖဿကုသိုလ်စိတ်။
အော်ဟစ်ဆဲဆိုသံတွေကြားလို့ ဒေါသထွက်သွားတာကျတော့
အသံအာရုံနဲ့ စိတ်နဲ့ ထိတွေ့တဲ့ ဖဿအကုသိုလ်စိတ်ဖြစ်နေပြန်ရော။
မနာလိုစရာတွေမြင်လို့ စိတ်ပျက်စီးသွားတာ ဖဿအကုသိုလ်စိတ်။
ဒါတွေဟာ
ခန္ဓာကိုယ်နဲ့ ကိုယ်ထိလက်ရောက် ထိတွေ့တာမျိုး မဟုတ်ဘဲ စိတ်နဲ့အာရုံနဲ့
ထိတွေ့ပြီး မူရင်းစိတ်ကို ခံစားမှုအဆင့် ပြောင်းလဲသွားစေတာပဲ။
စိတ်နဲ့ အာရုံနဲ့ ထိတွေ့မှုတွေဟာ
လူသားတွေအတွက် အချိန်တိုင်းမှာ ဖြစ်ပေါ်နေတဲ့
ကြုံတွေ့နေကျ ထိတွေ့မှုတွေပဲ။
စိတ်တစ်ခုဖြစ်ခွင့်ရတာ ဖဿစေတသိက်ကြောင့်ပဲ။
ဖဿစေတသိက်နဲ့ ထိတွေ့မှု မရှိဘဲ ဘယ်လိုစိတ်မျိုးမှ ဖြစ်ခွင့်မရဘူး။