မင်းကွန်းဆရာတော်ဘုရားကြီး အရှင်ဦးဝိစိတ္တသာရဘိဝံသ သက်တော်ထင်ရှားရှိစဉ်တုန်းက နိဗ္ဗာန်နဲ့ ပတ်သက်တာတွေကို လျှောက်ထား မေးမြန်းခဲ့ဖူးတယ်။

‘အရှင်ဘုရားတို့က နိဗ္ဗာန်အကြောင်းတွေ အရမ်းပြောကြတာပဲ။

နိဗ္ဗာန်ဆိုတာ ရှိလို့လား? နိဗ္ဗာန်ကို ဆရာတော်ဘုရား မြင်ဖူးလား?

နိဗ္ဗာန်ကို မြင်ဖူးချင်တယ်။ ဆရာတော်ဘုရား နိဗ္ဗာန်ကို ရောက်ဖူးလား?

တပည့်တော်လည်း နိဗ္ဗာန်ကို ရောက်ဖူးချင်တယ်။ ဆရာတော်ဘုရား လိုက်ပို့ပေး’

သိချင်လို့ မေးတာဖြစ်ပေမယ့် အလိုက်ကန်းဆိုး မသိစွာ၊ မိုက်မဲရိုင်းစိုင်းတဲ့ အပြောအဆိုမျိုး ဖြစ်သွားပြီဆိုတာ သိလိုက်တယ်။ ဒါပေမယ့် နောက်ကျသွားပြီ။

“အို! ငါမသိလို့ မေးတာပဲ” လို့ ကိုယ့်စိတ်ကိုယ် အပြစ်လွတ်အောင် ကြံဖန်ဖုံးလိုက်တယ်။

ဆရာတော်ဘုရားကြီးက မျက်မှောင်ကြုတ်ပြီး ကြည့်တယ်။

“ကိုရင်က တို့ဗုဒ္ဓကို လာဝေဖန်တာလား?” လို့ ပြန်မိန့်တယ်။

“မဟုတ်ပါဘူးဘုရား၊ တပည့်တော်က ဗုဒ္ဓဘာသာဝင် အစစ်ဖြစ်ချင်လို့ပါ။

ဗုဒ္ဓဘာသာဆိုတာရဲ့ အဓိက အဓိပ္ပာယ်အစစ်က ဘာလဲဘုရား?

နိဗ္ဗာန်ဆိုတာကို တပည့်တော် သဘောပေါက်အောင် ရှင်းပြပေးတော်မူပါ” လို့ လျှောက်လိုက်တယ်။

“ကိုရင်က နိဗ္ဗာန်ဆိုတာကို မမြင်ဖူးတာနဲ့ မရှိဘူး ပြောရအောင်၊ ရှိတာကို သိနိုင်တဲ့ အသိဉာဏ်ရော ကိုရင့်မှာ ဘယ်လောက်ရှိလို့လဲ!” တဲ့။

ခေါင်းထဲမှာ ရပ်ပြစ်ရှစ်ပါးထဲက “မြတ်စွာဘုရားရဲ့ တရားတော်တွေကို သိရှိနားလည်နိုင်တဲ့ အသိဉာဏ် မရှိသောအရပ်” ဆိုတာကို ချက်ချင်း သဘောပေါက်လိုက်တယ်။

ဆရာတော်ဘုရားကြီးက သူ့ကို လျှောက်ထားမေးမြန်းနေတဲ့ မိုက်ကရိုဖုန်းကြီးကို တောင်းယူပြီး မြတ်စွာဘုရားရဲ့အကြောင်း၊ သူရေးတဲ့ ဗုဒ္ဓ၀င်စာအုပ်တွေ လေ့လာဖို့အကြောင်း၊ ဆဋ္ဌသင်္ဂါယနာတင်တုန်းက သူနဲ့ မဟာစည်ဆရာတော် ဘုရားကြီးနဲ့ အမေးအဖြေ လုပ်ခဲ့တဲ့အကြောင်း၊ အရပ်ဆယ်မျက်နှာကို မေတ္တာပို့တဲ့အကြောင်းတွေ ဆက်တိုက်မိန့်တာ။

အဲဒီခေတ်တုန်းက စီ ၆၀ ကက်ဆက်ခွေ ၆ ခွေစာပဲ။