အစွဲအလမ်းသဘောကို ဘယ်လိုသိကြည့်ရင် သဘောပေါက်လွယ်မလဲလို့ ကိုယ့်ဟာကိုယ် မေးခွန်းတွေ ထုတ်ကြည့်တယ်။

မေး - အစွဲအလမ်းကြောင့် ဘ၀တွေ ထပ်တလဲလဲ ဖြစ်နေရတာလို့ ဥပါဒါနံပစ္စယာဘဝေါ ဆိုပြီး ပဋိစ္စသမုပ္ပါဒ်လမ်းစဉ်မှာ ဖော်ပြတယ်။

ဗုဒ္ဓဘာသာဝင် မြန်မာလူမျိုးတွေအနေနဲ့လည်း ဒီအကြောင်းအကျိုးကို လက်ခံထားကြတယ်ဆိုတော့ ဘ၀သစ်တွေ မဖြစ်တော့ဘဲ ရပ်သွားအောင် ဘယ်လိုလုပ်မလဲ?

ဖြေ - ဘ၀ပြတ်ချင်ရင် အစွဲမှန်သမျှ အကုန်ဖြတ်ပစ်မှရမယ်!

လိုချင်နေတာတွေ တစ်ချိန်လုံး ဖြတ်ပစ်နေမှရမယ်။

ခံစားနေတာတွေ အဆက်မပြတ် ဖြတ်ပစ်နေမှရမယ်။

မေး - အစွဲဆိုတာ ဘယ်တုန်းက ဘယ်နေရာမှာ ဘာကိုစပြီး စွဲခဲ့တာလဲ?
ဖြေ - လူ့လောကထဲကို လူအဖြစ်နဲ့ ရောက်လာတည်းက စွဲခဲ့တာပဲဖြစ်မယ်။

ငါ့အမေ၊ ငါနို့စာတယ်။

နို့စို့ခွင့်ရအောင် ငါတောင်းဆိုမယ်။

တောင်းဆိုတာ မရရင် ငါဒေါသထွက်ပြမယ်။

ငါဆန္ဒပြရင် ငါလိုချင်တာရမယ်။

ငါ့မျက်စိနဲ့မြင်တာ၊ ငါ့နားကကြားတာ၊ ငါ့နှာခေါင်းက အနံ့ရတာ၊ ငါ့လျှာက အရသာသိတာ၊ ငါ့ခန္ဓာကိုယ်ကို လာထိတာ၊ ငါ့စိတ်ကို လာထိတာ၊ ငါခံစားရတာ၊ ငါသိတာ၊ ငါတွေးနေတာ။

အရာရာကို ငါဆိုတဲ့ ခေါင်းစဉ်တပ်ပြီး မှတ်သားစွဲလမ်းခဲ့တာက စတာပဲ။

မေး - ခန္ဓာကိုယ်ရှိသူတိုင်း ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေဟာ သူ့သဘာဝအရ သူ့အလုပ်သူလုပ်နေတာကို ဘာဖြစ်လို့ ငါလုပ်တာလို့ မှတ်သားယူဆကြတာလဲ?
ဖြေ - မသိလို့ပေါ့၊ မသိကြလို့ပေါ့။ သိနားလည်အောင် ပြောပြ၊ ပြုပြင်ပေးမယ့်လူလည်း မရှိလို့ ဖြစ်တာပဲ။
မေး - မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် အာရုံခြောက်ပါးကြောင့် မြင်တယ်၊ ကြားတယ်ဆိုတာတွေကို ငါခေါင်းစဉ် တပ်နေတာလည်း သိအောင် ပြောပေးမယ့်လူ မရှိလို့ပဲပေါ့?
ဖြေ - ဟုတ်တယ်။
မေး - အမှတ်တမဲ့ နေထိုင်ကြီးပြင်းလာခဲ့ရတဲ့ လူ့ဖြစ်စဉ်တွေထဲမှာ ဒီလိုအစွဲကြီးတွေ ဖြစ်မလာအောင် ဘယ်လိုနည်းနဲ့ ကြိုတင် ကာကွယ်ရမလဲ?
ဖြေ - အဓိပ္ပာယ် အထောက်အထားမခိုင်လုံတဲ့ ရှေးဟောင်းပုံပြင်တွေ၊ အယူအဆတွေ၊ ခြိမ်းခြောက်တဲ့စကားတွေ မပြောစေချင်ဘူး။

အစွဲဖြစ်စေတတ်တဲ့ အန္တရာယ်ကို အလျဉ်းသင့်တိုင်း နားဝင်အောင် အုပ်ထိန်းသူတွေ ကိုယ်တိုင်က သဘောပေါက် နားလည်သည်အထိ ပြောပေးတဲ့နည်းကို အသုံးပြုစေချင်တယ်။