လှုံ့ဆော်တိုက်တွန်း ပြုလုပ်တဲ့စိတ်သဘောကို သိကြည့်ခြင်း

လူ့လောကထဲကို လူအဖြစ်နဲ့ ရောက်ရှိလာတည်းက ခန္ဓာကိုယ်နဲ့အတူ ပါလာတဲ့ စိတ်လေးခုထဲက

လှုံ့ဆော်တိုက်တွန်းစိတ်၊ အားထုတ်တဲ့စိတ်၊ ပြုလုပ်တဲ့စိတ်၊

စိတ်ရဲ့ဖြစ်ချင်နေတာတွေ၊ လုပ်ချင်နေတာတွေ၊ သွားချင်၊ လာချင်၊ ၀တ်ချင်၊ စားချင်၊ လိုချင်တာတွေ လုပ်ဖြစ်သွားအောင် တိုက်တွန်း လှုံ့ဆော်ပေးတဲ့စိတ်။

တစ်စုံတစ်ရာကို လုပ်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ ဖြစ်မြောက်ပြီးစီးသွားအောင် ပြုလုပ်ပေးတဲ့စိတ်။

ကြိုက်တဲ့အာရုံကို နောက်ထပ်အကြိမ်ကြိမ် ခံစားချင်နေရင်

ခံစားဖြစ်အောင် တိုက်တွန်းပေးတဲ့စိတ်။

မျက်စိနဲ့မြင်သမျှ မြင်ဖြစ်အောင် လှုံ့ဆော်တယ်။

နားကကြားသမျှ ကြားဖြစ်အောင် စီစဉ်ပေးတယ်။

နှာခေါင်းကရတဲ့ အနံ့မှန်သမျှ အနံ့ရဖြစ်အောင် ပြုလုပ်ပေးတယ်။

လျှာကဖြစ်တဲ့အရသာကို အရသာအဖြစ် သိဖြစ်သွားအောင် စီစဉ်ပေးတယ်။

ခန္ဓာကိုယ် အထိအတွေ့မှာလည်း ထိတွေ့တဲ့အသိ သိဖြစ်သွားအောင် လှုံ့ဆော်ပေးတယ်။

ကြံစည်တွေးတောမှုတွေလည်း တွေးဖြစ်အောင် ပြုလုပ်ပေးတယ်။

ပြုလုပ်နေတဲ့ သင်္ခါရ သဘောတွေဟာ လှုံ့ဆော်မှုတွေကို ပြုလုပ်ပေးကြတယ်။

သူကိုယ်တိုင် ခံစားမှုကို မသိပေမယ့် ခံစားချင်တဲ့စိတ်ကို ခံစားဖြစ်အောင် တိုက်တွန်းပေးတယ်။

မခံစားချင်တဲ့ စိတ်ဖြစ်ရင်လည်း မခံစားဖြစ်အောင် ပြုလုပ်ပေးတယ်။

သူကိုယ်တိုင် မှတ်သားတာတွေ မလုပ်ပေမယ့် မှတ်စရာရှိတာ မှတ်ဖြစ်အောင် တိုက်တွန်းပေးတယ်။

မမှတ်ချင်ရင် မမှတ်ဖြစ်အောင် ပြုလုပ်ပေးတယ်။

သူကိုယ်တိုင် သိခြင်းသဘောကို မသိပေမယ့် သိစရာရှိတာကို သိချင်ရင် သိဖြစ်အောင် တိုက်တွန်းတယ်။

မသိချင်ရင် မသိဖြစ်အောင် ပြုလုပ်ပေးတယ်။

ကောင်းတာပဲလုပ်လုပ်၊ မကောင်းတာပဲလုပ်လုပ်

ဆုံးဖြတ်ချက် ချလိုက်တဲ့ စိတ်ရဲ့အလိုအတိုင်း တိုက်တွန်း လှုံ့ဆော်ပေးတယ်။

ဒါ လှုံ့ဆော်စိတ်ရဲ့ တာဝန်ပဲ။

လှုံ့ဆော်တိုက်တွန်း ပြုလုပ်တဲ့ စိတ်သဘောကို သိကြည့်တဲ့နေရာမှာ မဟာစည်ဆရာတော်ဘုရားကြီး ရေးသားတော်မူတဲ့ အနတ္တလက္ခဏ သုတ်တော်အရ

‘သင်္ခါရတရားတွေဆိုတာ လှုံ့ဆော်တိုက်တွန်း စီမံတတ်တဲ့၊ စေတနာအမှုးရှိတဲ့ စေတသိက်တရားတွေ’ လို့ဖော်ပြတယ်။

စေတသိက် ၅၂ မျိုးရှိတဲ့ အထဲက ခံစားမှု(ဝေဒနာ)နဲ့ မှတ်သားမှု(သညာ)နှစ်ခုက လွဲရင်၊ အကြီးအကဲဖြစ်တဲ့ စေတနာစေတသိက်ကို သင်္ခါရတရားအနေနဲ့ သရုပ်ထုတ်ပြီး ဖော်ပြထားတယ်။

အဘိဓမ္မာ ဒေသနာမှာတော့ ဖဿ၊ မနသိကာရ၊ ၀ိတက်၊ ၀ိစာရ၊ ဆန္ဒ၊ လောဘ၊ ဒေါသ၊ မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟစတဲ့ စေတသိက်တွေဟာလည်း သင်္ခါရက္ခန္ဓာအဖြစ် ထုတ်ပြတယ်လို့ ဖော်ပြပါတယ်။

ဦးဝိစိတ္တသာရဘိဝံသ ဆရာတော်ဘုရားကြီးရဲ့ မဟာဗုဒ္ဓ၀င် ပဉ္စမတွဲမှာ ဖော်ပြတဲ့ မြတ်စွာဘုရားရဲ့ ပရိနိဗ္ဗာန်စံခါနီး နောက်ဆုံးစကားတော်

ဝယဓမ္မာ သင်္ခါရာ အပ္ပမာဒေန သမ္ပာဒေထ ကို မြန်မာဘာသာ ပြန်ဆိုတဲ့နေရာမှာ

ပြုပြင်ပေးရသမျှ သင်္ခါရတရားတို့သည် ပျက်စီးခြင်းသဘောရှိကြကုန်၏လို့ ဖော်ပြထားပါတယ်။

(သင်္ခါရတရားတို့သည် ဆိုတဲ့ အသုံးအနှုန်းကြောင့် စေတနာစေတသိက်အပြင်

အဘိဓမ္မာအဆိုအရ လှုံ့ဆော်တိုက်တွန်းပြုလုပ်တဲ့ စေတသိက်တွေထဲမှာ

အခြားသော စေတသိက်တွေလည်း ပါဝင်နေတယ်။ ဘယ်လိုစိတ်တွေပဲ ပါပါ

စိတ်ကို စိတ်တွေကပဲ တိုက်တွန်းလှုံ့ဆော် ပြုလုပ်ပေးနေလို့သာ ထပ်ဆင့်ပွား စိတ်တွေဖြစ်ခွင့်ရနေတာပဲ။)

တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားအားလုံး လုပ်ချင်တာတွေ၊ လုပ်ဖြစ်နေကြတာတွေဟာ လှုံ့ဆော်တိုက်တွန်းစိတ်ရဲ့ အစီအစဉ်ကြောင့်ပဲ။

ရုပ်နာမ်အမူအရာ၊ အပြောအဆို၊ လှုပ်ရှားမှုတွေ အကုန်လုံး လုပ်ချင်သလို လုပ်ဖြစ်အောင် လှုံ့ဆော်တိုက်တွန်းစိတ်က စီစဉ်ပေးနေတာပဲ။

သွားခြင်း၊ လာခြင်း၊ ရပ်ခြင်း၊ ထိုင်ခြင်း၊ လဲလျောင်းခြင်း၊ ကွေးခြင်း၊ ဆန့်ခြင်း၊ ရယ်ခြင်း၊ ငိုခြင်းစတဲ့ ကိစ္စတွေအားလုံး လုပ်ဖြစ်နေတာ လှုံ့ဆော်တိုက်တွန်း စိတ်ကြောင့်ပဲ။

လှုံ့ဆော်စီမံမှုတွေရဲ့ အစီအစဉ်နဲ့ ကိုယ်ခန္ဓာလှုပ်ရှားမှု၊ စကားပြောဆိုမှု စိတ်အပြောင်းအရွှေ့ဆိုင်ရာ အကုန်လုံး ပြီးစီးအောင် လှုံ့ဆော်စိတ်ကပဲ ပြုလုပ်နေတာ။

အဲဒါကို ငါလုပ်တာဆိုပြီး လှုံ့ဆော်တိုက်တွန်းစိတ်ကို စွဲလမ်းခွင့် မရှိဘူး။

လူ့လောကထဲကို လူအဖြစ်နဲ့ ရောက်လာပြီးတည်းက တစ်ချိန်လုံး အစွမ်းပြနေတာ

လှုံ့ဆော်တိုက်တွန်း ပေးနေတဲ့စိတ်ပဲ။

မိခင်နဲ့ကလေးကြားမှာ နို့စို့မယ်၊ မစို့ရရင် ဂျီကျမယ်၊ ငိုမယ်၊ ဒေါသထွက်ပြမယ်။

မွေးခါစကလေးတစ်ယောက် ဘာပဲလုပ်လုပ် လုပ်ဖြစ်အောင်

လှုံ့ဆော် တိုက်တွန်းပေးနေတဲ့စိတ်က အဲဒီအချိန်တည်းက အကောင်အထည်ဖော်နေတာ။

ခန္ဓာငါးပါးထဲက ရုပ်တစ်ခုနဲ့ စိတ်လေးခုထဲမှာလည်း လှုံ့ဆော်တိုက်တွန်းစိတ်ဟာ အလှုပ်ရှားဆုံး၊ အဓိကအကျဆုံးပဲ။

ဒီလှုံ့ဆော်စိတ်ကို စည်းရုံးပြီး စနစ်တကျ အသုံးချတတ်ရင် အသက်ရှင်နေသမျှ တန်ဖိုးပဲ။

ဘယ်လောက်ပဲ မှားခဲ့ မှားခဲ့၊ ဘယ်လိုပုံစံနဲ့ မှားခဲ့ မှားခဲ့………မှားမှန်းသိလို့ ပြင်မယ်ဆိုရင်

အမှားတွေ လုပ်ခဲ့တုန်းက တိုက်တွန်းခဲ့တဲ့ လှုံ့ဆော်စိတ်ကိုပဲ အမှန်ပြုပြင်တဲ့နေရာမှာ အသုံးချရမယ်။

မှားတဲ့အကျင့်ကို မှန်တဲ့အကျင့် ဖြစ်သွားအောင် လှုံ့ဆော်တိုက်တွန်းပြီး ပြောင်းရွှေ့လိုက်ရမယ်။

ထက်မြက်တည်ကြည်တဲ့ အသိဉာဏ်၊ သတိဉာဏ်တွေဖြစ်အောင် လှုံ့ဆော်တိုက်တွန်းစိတ်ကို စည်းရုံးရမယ်။

ဖြစ်ပေါ်ခွင့်ရတဲ့ စိတ်အားလုံးဟာ သူ့ကြောင့်ပဲ၊

လှုံ့ဆော်တိုက်တွန်း စိတ်ကြောင့်ပဲ၊