မှတ်သားတဲ့စိတ်ရဲ့ သဘောကိုသိကြည့်ခြင်း
လူ့လောကထဲကို လူအဖြစ်နဲ့ ရောက်ရှိလာတည်းက ခန္ဓာကိုယ်နဲ့ အတူတူပါလာတဲ့ စိတ်လေးခုထဲက မှတ်သားစိတ်။
မျက်စိနဲ့မြင်သမျှ ဘယ်သူဘယ်ဝါလို့ မှတ်သားလိုက်တဲ့စိတ်၊
နားနဲ့ကြားသမျှ အသံတွေကို မိမိအယူအဆနဲ့ မိမိ မှတ်သားလိုက်တဲ့စိတ်၊
နှာခေါင်းကတစ်ဆင့် ရတဲ့အနံ့ကိစ္စကို ဘာနံ့ ညာနံ့စသဖြင့် မှတ်သားတဲ့စိတ်၊
လျှာကတစ်ဆင့် ရတဲ့အရသာကို မှတ်သားလိုက်တဲ့စိတ်၊
ခန္ဓာကိုယ်ကို လာထိတဲ့ အထိအတွေ့နဲ့ ပတ်သက်ပြီး မှတ်သားစရာရှိတာကို မှတ်သားလိုက်တဲ့စိတ်၊
စိတ်အတွေးနဲ့ ပတ်သက်ပြီး မှတ်သားလိုက်တဲ့စိတ်။
အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်လာတာတွေကို မှတ်သားလိုက်တဲ့စိတ်
မှတ်သားတဲ့စိတ်က မှတ်တဲ့အလုပ်ပဲ လုပ်တယ်။
မှတ်တဲ့နေရာမှာ အမှတ်မှားတာနဲ့ အမှတ်မှန်တာ နှစ်မျိုးရှိနေတယ်။
သဘာဝအမှန်တရားတွေကို အမှန်အတိုင်းမှတ်တာ၊
အရာရာဟာ မတည်မြဲဘူးဆိုတာကို အမှန်အတိုင်းမှတ်တာ၊
ခန္ဓာကိုယ်ရှိခြင်း၊ စိတ် စေတသိက်တွေရှိနေခြင်းဟာ ဒုက္ခဖြစ်စေတယ်လို့ အမှန်အတိုင်းမှတ်တာ၊
အမှတ်မှားတာက ငါ ငါ ငါ ငါ ငါဆိုတဲ့ခေါင်းစဉ်တပ်ပြီး
ငါ့အဘိုး၊ ငါ့အဘွားး၊ ငါ့အဖေ၊ ငါ့အမေ၊ ငါ့ဘကြီး၊ ငါ့ဦးလေး၊ ငါ့အဒေါ်၊ ငါ့အစ်ကို၊ ငါ့အစ်မ၊ ငါ့ညီ၊ ငါ့ညီမ၊ ငါ့ကျောင်း၊
ငါ့သူငယ်ချင်း၊ ငါ့အတန်း၊ ငါ့စာအုပ်၊ ငါ့ခဲတံ၊ ငါ့စားပွဲ၊ ငါ့ဆရာမ၊ ငါ့ချစ်သူ၊ ငါ့မိန်းမ၊ ငါ့ယောက်ျား၊ ငါ့သား၊ ငါ့သမီး၊
ငါ့အိမ်၊ ငါ့ကား၊ ငါ့ပိုက်ဆံ..
ငါ ငါ ငါ ငါ ………. ငါ ငါ ငါ ငါ ဆိုတာတွေပဲ။
အဲဒီ ငါ ငါ ငါ ငါ ဆိုတဲ့အမှတ်မှားတာ ဘယ်တုန်းက စခဲ့တာလဲ?
လူ့လောကထဲကို လူအဖြစ်နဲ့ ရောက်ရှိလာတည်းက မိခင်နဲ့ကလေးကြားမှာ စခဲ့တာများလား ?
မိဘဖြစ်သူတွေရဲ့ အသိပညာ ဗဟုသုတပညာ အနည်းအများပေါ် မူတည်ပြီး
“ငါပြောတာနားထောင်” ဆိုတဲ့ အစဉ်အလာ အယူအဆတွေရဲ့ ဖိနှိပ် ချုပ်နှောင်မှုတွေကြောင့် မိဘနဲ့ သားသမီးတွေကြားမှာ အပြန်အလှန် အမှတ်မှားခဲ့ကြတာလား?
“စလောင်းဖုံး နှစ်ချပ်တီးရင် ကျားကိုက်တတ်တယ်” ဆိုတဲ့ အထောက်အထား မသေချာ မရေရာတဲ့ ခြိမ်းခြောက်မှုတွေနဲ့ ဆုံးမခဲ့မိလို့လား?
တချို့ဆိုရင် အမှတ်မှားခဲ့တာတွေက ဘ၀တစ်လျှောက်လုံး အစွဲအလမ်းတွေဖြစ်ပြီး တစ်သက်စာ သေတဲ့အထိ အမှတ် မှားသွားတာမျိုးတွေ ရှိခဲ့ကြတယ်။
စိတ်ဆင်းရဲစရာအာရုံတွေကို မမေ့နိုင်ဘဲ အမှတ်ရတဲ့ အမှတ်မှားမှုဟာ မိမိကိုယ်တိုင် သိကိုမသိဘဲ အကြိမ်ကြိမ် ကျူးလွန်နေတတ်တယ်။
အမှတ်ရတာချင်း တူပေမယ့်
သတိစေတသိက်ရဲ့ အမှတ်ရမှုနဲ့
သညာစေတသိက်ရဲ့ အမှတ်ရမှုနဲ့ မတူဘူး။
သတိရဲ့ မမေ့ခြင်း
အမြဲတမ်း အမှတ်ရနေခြင်းဆိုတာ ရုပ်နာမ် ရဲ့သဘောကို အမှန်အတိုင်း မှတ်တာ။
ရုပ်နာမ်ရဲ့ သူ့သဘောနဲ့သူ ဖြစ်ပျက်နေတာတွေကို သိအောင် သတိဉာဏ်နဲ့ စူးစိုက်ပြီး သိမှတ်ပေးတာ။
သညာရဲ့ မှတ်သားစိတ်က အာရုံခြောက်ပါးရဲ့ပေါ်လာသမျှ အာရုံတွေကို မှတ်သားလိုက်တာ။
သဘာဝရဲ့ မှတ်သားစိတ်က မှတ်ရုံမှတ်ပေးလိုက်တာ။
သတိရဲ့ မှတ်သားမှုက တည်ဆောက်ယူရတာ။
သညာစေတသိက်လို မွေးရာပါ မှတ်သားစိတ်မျိုး မဟုတ်ဘူး။