-->
ငါဆိုသောစိတ်
- ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေရဲ့ သူတို့အလုပ် သူတို့လုပ်နေတာတွေ၊ မျက်စိ၊ နား၊ နှာခေါင်းစတဲ့ ပစ္စည်းခြောက်ခုရဲ့ သူတို့အလုပ် သူတို့လုပ်နေတာတွေ၊ လူ့ခန္ဓာကိုယ်နဲ့ အတူပါလာတဲ့ ခံစားတဲ့စိတ်၊ လှုံ့ဆော်တိုက်တွန်းတဲ့စိတ်၊ မှတ်သိတဲ့စိတ်၊ သိတဲ့စိတ်တွေရဲ့ သဘာဝအရ သူတို့အလုပ် သူတို့လုပ်နေတာတွေကို ငါလုပ်တယ်လို့ အမှတ်မှားပြီး ဘာပဲလုပ်လုပ် ဘာပဲဖြစ်ဖြစ် အရာရာမှာ ငါဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သတ်မှတ် ပတ်သက်နေတဲ့ ငါဆိုတဲ့စိတ်။
ငါတကောစိတ်
- ခန္ဓာကိုယ်အကြောင်း၊ စိတ် စေတသိက်အကြောင်း၊ စိတ်အလျဉ်အကြောင်း၊ အချိန်အကြောင်း၊ လောကအကြောင်း၊ လူတွေ အကြောင်းစတဲ့ အရာရာနဲ့ အပြောင်းအရွှေ့၊ အနိမ့်အမြင့် အတက်အကျ သဘာဝတွေကို သဘောမပေါက်ဘဲ ငါဆိုတာကြီး ဖက်တွယ် စွဲငြိနေမိတဲ့စိတ်။
ငါးစိမ်းမြင်ငါးကင်ပစ်သောစိတ်
- အသစ်ကိုမြင်ရင် အဟောင်းကို မေ့တတ်တဲ့စိတ်။
ငါးမျှားချိတ်ကို မမြင်သောစိတ်
- ငါးမျှားချိတ်ရဲ့ ထောင်ချောက်က ငါးမျှားချိတ်ထိပ်က ငါးစားပဲ။ ငါးစာသာ မြင်ပြီး သွားဆွဲရင် ငါးစာအောက်က ငါးမျှားချိတ်ဟာ ပါးစပ်ထဲမှာ လာချိတ်ပြီး သေမှာပဲ။ လူလူချင်း အသုံးချချင်သူတွေရဲ့ ထောင်ချောက်က ဗဟုသုတ အတွေ့အကြုံ မရှိတဲ့ ရိုးအသူတွေကို အဓိက ပစ်မှတ်ထားတာပဲ။ လိုချင်တာတစ်ခုတည်း သိပြီး လိုချင်မှုနောက်ကို မျက်ကန်းတစ္ဆေမကြောက် တောက်လျောက် လိုက်နေရင်တော့ လူမုဆိုးတွေ ဆင်ထားတဲ့ ထောင်ချောက်ထဲ ပြုတ်ကျမှာ သေချာနေတဲ့စိတ်။
ငူတူတူစိတ်
- မိမိအပေါ်မှာ အသိအမှတ်ပြုတဲ့ သဘောမျိုးမပါတဲ့ တစ်ဖက်သားရဲ့ တုံ့ပြန်မှုဟာ မိမိဘက်က မျှော်လင့်ထားသလို မဖြစ်ရင် ရုတ်တရက် ဖြစ်ပေါ်လာတဲ့စိတ်။
ငေးမောနေသောစိတ်
- စိတ်ထဲကို ၀င်လာတဲ့ စိတ်တစ်ခုရဲ့ နောက်ကို သတိလွတ်စွာ စီးမျောပါသွားရင် ဖြစ်တတ်တဲ့ စိတ်။
ငဲ့ကြည့်တတ်သောစိတ်
- ကိုယ်လွတ်ရုန်းတဲ့စိတ်မျိုး မရှိတဲ့သူတွေဟာ ပုံစံမျိုးစုံနဲ့ မပြည့်စုံသူတွေကို လူသားချင်းစာနာ နားလည် သဘောပေါက်ပေးတဲ့ ငဲ့ညှာစိတ်။
ငေါ့တော့တော့စိတ်
- အကျင့်စရိုက် သေးသိမ်ညံ့ဖျင်းသူတွေ မလုပ်သင့်တဲ့အရာဟာ ဘယ်လိုမျိုးလဲဆိုတာကို မသိတဲ့သူတွေ၊ အပေါစား အပြုအမူ အပြောအဆိုနဲ့ တစ်ဖက်သားကို တုံ့ပြန်တတ်တဲ့စိတ်။
ငိုကြွေးသောစိတ်
- ငိုချင်တဲ့စိတ်ကို ဖြစ်စေတဲ့ အကြောင်းအရာတစ်ခု စိတ်ထဲဝင်လာပြီး စိတ်ချင်း စိတ်ချင်း ထိတွေ့တဲ့ ဖဿကြောင့် ငိုကြွေးတဲ့ ခံစားမှု ဖြစ်လာတဲ့ စိတ်အနေအထား။
ငေါက်ငမ်းသောစိတ်
- စိတ်ထဲမှာ မပါပေမယ့် စကားပြောတဲ့နေရာမှာ ချိုချိုသာသာမပြောတတ်တော့ဘဲ အော်ဟစ်ပြောဆိုတာကို အကျင့်ပါသွားတဲ့စိတ်မျိုး။ ‘ငါက ဘယ်သူကွ’ လို့ ဆရာကြီးပုံစံဖမ်းပြီး လူရှိန်အောင် တမင်သက်သက် အော်ဟစ်ငေါက်ငမ်း ပြောဆိုတဲ့စိတ်။
ငိုက်မျဉ်းစိတ်
- ခန္ဓာကိုယ်ရော၊ စိတ်ရော ပင်ပန်းလွန်းနေပေမယ့် တရားဝင် နားခွင့်မရခင် ဖြစ်ပေါ်နေတဲ့ စိတ်အနေအထား။
ငေါင်စင်းစင်းစိတ်
- လိုချင်တဲ့အဖြေတစ်ခုကို ရအောင်ရှာဖွေနေရလို့ လူရော၊ စိတ်ပါပင်ပန်းပြီး စိတ်စွမ်းအားတွေ ကျဆင်းနေတဲ့ အချိန်မှာ ဖြစ်နေတဲ့စိတ်။