တယုတယစိတ်
- ပျက်စီး ပျောက်ဆုံးသွားမှာစိုးလို့ မထိရက်၊ မကိုင်ရက်ဘဲ ဂရုစိုက်မှုတွေ လွန်ကဲနေတဲ့ အစွဲစိတ်တစ်မျိုး။
တရကြမ်းစိတ်
- ဘာအလုပ်ပဲလုပ်လုပ် စိတ်မြန်ကိုယ်မြန် ဇွတ်အတင်း လုပ်ဆောင်တဲ့သဘောမျိုး ပါဝင်နေတဲ့ စိတ်အနေအထား။
တရစပ်စိတ်
- ခန္ဓာကိုယ်နဲ့ စိတ် စေတသိက်တွေရဲ့ အပြောင်းအရွှေ့ အဖြစ်အပျက်တွေကို သိကြည့်ရင်း၊ စောင့်ကြည့်သိမှတ်တဲ့ စိတ်အသိကလည်း တရစပ်ဆက်တိုက် သိနိုင်အောင် သိပေးနေရတဲ့ စိတ်အလျဉ်သဘော။
တရားမ၀င်သောစိတ်
- စိတ်နဲ့ပတ်သက်တဲ့ လေ့ကျင့်အားထုတ်မှုတွေ ဘယ်အဆင့်ရောက်နေပြီလို့ ပြောဆိုနေပေမယ့် လောကဓံရှစ်ပါးရဲ့ လူ့ပြဿနာတွေနဲ့ တွေ့ကြုံရင်ဆိုင်တဲ့အခါမှာ မဖြေရှင်းနိုင်ဘဲ ပျာယာခတ် တုန်လှုပ်နေမယ်ဆိုရင် မိမိကျင့်သိစိတ်ဟာ အသုံးမတည့်တော့တဲ့ အဓိပ္ပာယ်ကို ရောက်သွားစေပါတယ်။
တရိရိဆွေးမြည့်စိတ်
- အက်ဆစ်နဲ့ ထိတွေ့ထားတဲ့ အ၀တ်အစားတွေ၊ ခြကိုက်ထားတဲ့ ၀ါးသစ်သားတွေကို ကိုင်ကြည့်လိုက်တဲ့အခါမှာ အမှုန့်အဖြစ် ချက်ချင်း ကြွေကျသွားတာဟာ ရိပြီး ဆွေးနေလို့ပဲ။ စိတ်ဒဏ်ရာ အနာတစ်ခုကိုလည်း ဖယ်ထုတ်မပစ်ဘဲ အချိန်ကာလ ကြာမြင့်စွာ သိမ်းထားရင် အတွင်းလှိုက်စားပြီး တခြား စေတသိက်တွေရဲ့ စွမ်းအားကိုပါ ထိခိုက်ပျက်စီးစေမယ့် စိတ်အနေအထား။
တရိုတသေ ဆက်ဆံတတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ်ပါဝင်နေပါတယ်။
တရင်းတနှီးစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ်ပါဝင်နေပါတယ်။
တရုန်းရုန်းစိတ်
- တည်ငြိမ်မှု မရှိတဲ့ စိတ်တွေရဲ့အနေအထားဟာ စိတ်ထဲမှာ ကျယ်ကျယ်လောင်လောင် ဆူဆူညံညံနဲ့ မသာမယာ လှုပ်ရှား လုံးထွေးနေတဲ့ စိတ်အနေအထား။
တရိပ်ရိပ်စိတ်
- စိတ်ကို စောင့်ကြည့်သိမှတ်တဲ့ စွမ်းအားကောင်းလာပြီဆိုရင် အာရုံခြောက်ပါးရဲ့ စိတ်အ၀င်အထွက်တွေဟာ တစ်ခုပြီးတစ်ခု အဆက်မပြတ် ဆက်တိုက် တရိပ်ရိပ်နဲ့ ချုပ်ပျောက်နေတာကို တရိပ်ရိပ် လိုက်သိနိုင်နေတဲ့ စိတ်အဆင့်။
တလူလူလွင့်သောစိတ်
- အစစအရာရာ စနစ်တကျ ကြိုတင်ပြင်ဆင်ပြီးမှသာ အလုပ်တစ်ခုကို ဆောင်ရွက်လေ့ရှိတဲ့သူတွေဟာ ဘာအလုပ်ပဲ လုပ်လုပ် အောင်မြင်မှုရဖို့ သေချာတယ်လို့ မိမိကိုယ်မိမိ ယုံကြည်စိတ်ချနေတဲ့ စိတ်အမျိုးအစား။
တလိမ့်ခေါက်ကွေး ပြုတ်ကျသွားသောစိတ်
- အမြင့်ဆုံးနေရာကို ရောက်အောင်တက်ချင်တဲ့သူတွေ သတိထားရမယ့် စိတ်အနေအထားပဲ။ စတက်ခါစမှာ မတော်တဆ ပြုတ်ကျခဲ့ရင် ပြောပလောက်တဲ့ အန္တရာယ် မရှိနိုင်ဘူး။ ဟိုးထိပ်ဆုံးကို ရောက်သွားပြီဆိုရင်တော့ လေတိုက်တဲ့ဒဏ်ကို ခံရတော့မှာ သေချာတယ်။ လေဆိုတာကလည်း တိုက်ပေးရမှာ သူ့တာဝန်ပဲ။ ပြုတ်မကျအောင် ထိန်းရမှာက အပေါ်ရောက်နေတဲ့သူရဲ့ တာဝန်ပဲ။ ပြုတ်ကျရင်တော့ မြင်ရက်စရာ မရှိနိုင်ဘူး။ အပေါ်ဆုံးကနေ ပစ်စလက်ခတ် တလိမ့်ခေါက်ကွေး ပြုတ်ကျသွားတဲ့ ထင်ရှား ကျော်ကြားသူတွေဟာ အောက်ဆုံးအဆင့် ရောက်သွားရင် ပြန်ပြီး နာလန်ထူဖို့ မလွယ်တော့တဲ့ စိတ်အဆင့်။