တလွဲတချော်စိတ်
- မူလစဉ်းစား စီစဉ်ထားတဲ့ စိတ်နဲ့ လက်တွေ့အကောင်အထည်ဖော်တဲ့စိတ် တခြားစီ ကွဲလွဲသွားတဲ့ စိတ်အနေအထား။ (စာရေးတဲ့ နေရာမျိုးမှာ မူလက အစီအစဉ်ဆွဲထားတဲ့အတိုင်း ရေးခဲ့ပေမယ့် ရေးနေရင်းနဲ့ ဟိုစကားလုံး သုံးရင် ပိုကောင်းမလား ဆိုတဲ့ ကြားဖြတ် စိတ်ဝင်လာပြီး ရေးမိလိုက်တာကို ပြန်ဖတ်ကြည့်တဲ့အခါမှာ မူလစာကြောင်း အဓိပ္ပာယ်မျိုး မသက်ရောက်တော့ဘဲ လွဲမှားသွားစေတဲ့ အနေအထား။ စကားပြောတဲ့ နေရာမျိုးမှာလည်း တစ်စုံတစ်ယောက်နဲ့တွေ့ရင် ဒီလိုပြောမယ်လို့ မူလက ရည်ရွယ်ထားပေမယ့် တကယ်တွေ့ပြီး ပြောတဲ့အခါမှာ အခြား စကားလုံးသုံးမိလို့ အဓိပ္ပာယ် တိမ်းစောင်းသွားပြီး မျက်နှာပျက်စရာ ဖြစ်သွားစေတဲ့ ကြားဖြတ် စိတ်တစ်ခု။)
တလှပ်လှပ်ခုန်နေသောစိတ်
- အာရုံကတစ်ဆင့် စိတ်ချင်း စိတ်ချင်း ထိတွေ့တဲ့ အရှိန်ပြင်းထန်မှုကြောင့် နှလုံးအိမ်အထိ ထိုးဖောက်စူးနစ် ၀င်ရောက်ပြီး လှုပ်ခတ်သွားတဲ့အခါမှာ အချိန်တော်တော်ကြာတဲ့အထိ ရင်ခုန်နှုန်းမြန်သွားစေတဲ့ စိတ်ပုံစံ။
တ၀ဲလည်လည်စိတ်
- စိတ်ဆိုတာ ရုပ်ခန္ဓာကို မှီပြီး ဖြစ်ခွင့်ရတာ။ ရုပ်ခန္ဓာဆိုတာလည်း စိတ်ကိုမှီပြီးမှ ဖြစ်ခွင့်ရတာ။ ရုပ်ခန္ဓာရှိလို့ မျက်စိ၊ နား၊ နှာခါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတာတွေ ရှိလာတာ။ ရုပ်ခန္ဓာနဲ့အတူ ခံစားတဲ့စိတ်၊ မှတ်သားတဲ့စိတ်၊ သိတဲ့စိတ်၊ လှုံဆော် တိုက်တွန်းတဲ့စိတ်တွေ ပါလာတာ။ စိတ်ကိုမှီပြီး စေတသိက်တွေက ခြယ်လှယ်ခွင့်ရကြတာ။ စိတ်တွေဖြစ်ခွင့်ရလို့ စိတ်ချင်း စိတ်ချင်း ထိတွေ့မှုတွေ ဖြစ်ပြီး ခံစားစိတ်တွေ ဖြစ်ပေါ်လာတာ။ ခံစားစိတ်တွေကြောင့် လိုချင်တဲ့စိတ်တွေဖြစ်ပြီး စွဲလမ်းတဲ့ အဆင့်တွေ ဖြစ်ခွင့်ရကုန်တာ ဘ၀သစ်တွေ ထပ်ဖြစ်ကုန်တာ။ ဒီလို စိတ်သဘာဝ ရုပ်ခန္ဓာရဲ့သဘောသဘာဝတွေကို တိတိ ကျကျ မသိရင်၊ အချိန်ခဏလေး အတွင်းမှာ ရုပ်နဲ့ စိတ်တွေရဲ့ ဖြစ်ပျက်မှု မြန်လွန်းတဲ့ သဘောသဘာဝတွေကို မသိရင်၊ စိတ်ရဲ့ နှိပ်စက် အနိုင်ကျင့်မှုတွေအောက်မှာ ပတ်ချာလည်နေမယ့် စိတ်ပုံစံ။
တသသစိတ်
- အချိန်တိုင်းလိုလို သတိရနေတဲ့အနေအထားဟာ အစွဲအလမ်းအဆင့်ကို ရောက်သွားတဲ့ စိတ်အခြေအနေပဲ။
တသီတတန်းထပ်ဆင့်ပွားစိတ်
- စိတ်ကိုစောင့်ကြည့်သိမှတ်တဲ့ အလေ့အကျင့်မရှိရင် အာရုံခြောက်ပါးကြောင့် စိတ်ထဲဝင်လာတဲ့ စိတ်အရှိန်ရဲ့ နောက်ကို မျောပါသွားပြီး အတွေးတွေ တစ်ခုပြီးတစ်ခု၊ တစ်ဆင့်ပြီးတစ်ဆင့်၊ ထပ်ဆင့် ထပ်ဆင့် ဆက်သွားတဲ့ စိတ်သဘာဝ။
ဥပမာ - စာရေးနေတဲ့စာရွက်ကို ဘယ်သူကထုတ်တာလဲ? လို့ စဉ်းစားရင်းနဲ့ ၀ါးပင်၊ ၀ါးပင်ကနေ တောင်ကုတ်သွားတုန်းက တွေ့ခဲ့တာကို သတိရ၊ တောင်ကုတ်ကနေ ငပလီ၊ ငပလီကနေ ပင်လယ်၊ ပင်လယ်ကနေ သဘောင်္၊ သင်္ဘောကနေ လေမုန်တိုင်းကျ၊ နာဂစ်ဒုက္ခသည်တွေဆီ ပိုက်ဆံအလှူငွေ ထည့်တဲ့ဆီရောက် စသဖြင့် အတွေးတွေ တသီတသန်းကြီး ထပ်ဆင့် ပွားသွားတဲ့ စိတ်သဘော။
တသီးတခြားစိတ်
- တစ်စုံတစ်ရာကို မျက်စိကကြည့်မိလို့ မြင်မှန်းသိပေးတဲ့ စိတ်နဲ့၊ မြင်မှန်းသိပြီးတာနဲ့ မြင်သိစိတ် မရှိတော့တာကို နောက်က ထပ်ဆင့် သိပေးတဲ့အသိနဲ့ မတူဘူး။ သိတာချင်းမတူသလို သိပေးနေရတာချင်းလည်း မတူဘူး။ တသီးတခြားစီ။ စိတ်ထဲကို ၀င်လာသမျှ စိတ်အားလုံးဟာလည်း တစ်ခုပြီးတစ်ခုတွေချည်းပဲ။ တစ်ခုနဲ့တစ်ခု တသီးတခြားစီ။ တစ်ခါလာပြီးရင် နောက်တစ်ခါ မလာတော့ဘူး။ ဖြစ်ခွင့်ရတဲ့ စိတ်တစ်ခုဟာ ဖြစ်ပြခွင့်ရပြီးသွားတာနဲ့ နောက်ဘယ်တော့မှ ပြန်မလာတော့ဘူး။
နောက်ထပ်တစ်သက်လုံးလည်း ဘယ်တော့မှ ပြန်မရတော့ဘူး။ တစ်ခါပဲ။ နောက်ထပ် ရောက်ရောက်လာတဲ့ စိတ်တွေဟာ အသစ်အသစ်တွေ ပထမဟာတွေ မဟုတ်ဘူး။ ဒီသဘောတွေဟာ ပဋိသန္ဓေနေခဲ့တဲ့ အချိန်မတိုင်ခင်တည်းကနေ ဒီနေ့ အချိန်ထိပဲ။ ပြီးတော့ နောက်ထပ် အသက်ရှင်နေသမျှလည်း တစ်ခုနဲ့တစ်ခု လုံးဝမတူတဲ့ တသီးတခြားစီ ဖြစ်နေဦးမယ့် စိတ်သဘာဝပဲ။