တညီတညွတ်စိတ်
- လူသားတစ်ယောက်အနေနဲ့ လူတွေကြားထဲမှာ နေနေရတော့ မြင်သမျှလူတွေနဲ့ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကုသိုလ်စိတ်တွေ၊ ကြားသမျှအသံတွေနဲ့ ပတ်သက်ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကုသိုလ်စိတ်တွေ၊ အာရုံခြောက်ပါးနဲ့ ပတ်သက်သမျှ အာရုံနဲ့စိတ်နဲ့ ထိတွေ့ပြီး ဖြစ်ပေါ်လာနိုင်တဲ့ အကုသိုလ်စိတ်တွေကို စောင့်ကြည့်သိမှတ်တဲ့နည်းနဲ့ သိကြည့်ပါ။ ၀င်လာတဲ့အာရုံတွေကြောင့် မိမိစိတ်က ဘယ်လို အပြောင်းအလဲ ဖြစ်သွားလဲ? အာရုံတွေနဲ့ပတ်သက်ပြီး ဘယ်သူပဲ၊ ဘယ်ဝါပဲ သတ်မှတ်မိလို့ မိမိစိတ်က ပြောင်းလဲသွားရင် ပြန်တည့်ရမယ်။ ၀င်လာသမျှ အာရုံတွေကို အတွေးအဖြစ် ခံစားပြီး အာရုံနဲ့ အတူ မျောပါသွားလား? လက်ရှိအချိန်မှာ မိမိစိတ်ဟာ မိမိအသိနဲ့ အတူရှိနေရဲ့လား? အကုသိုလ်စိတ် ဖြစ်နေရင် အဲဒီ အကုသိုလ်စိတ်ကို အာရုံအဖြစ် ပြောင်းယူပြီး မိမိသိကြည့်နေတဲ့စိတ်က သတိဖြစ်အောင်၊ ဉာဏ်ဖြစ်အောင် တည်ဆောက်လိုက်ပါ။ စိတ်လေ့ကျင့်ခန်း ပြုလုပ်တဲ့နေရာမှာ အားထုတ်ချင်တဲ့စိတ်ရယ်၊ သိပေးရမယ့်အဆင့်ထိ သိလို့ရအောင် သိမယ်ဆိုတဲ့ ဆုံးဖြတ်ချက် စိတ်ရယ်၊ သိမှတ်နေမှုအပေါ်မှာ စနစ်တကျနဲ့ မလွဲမချော်ဘဲ အာရုံစူးစိုက်မှု မှန်ကန်နေတဲ့ အသိရယ်၊ ၀င်လာသမျှ အာရုံတွေနောက်ကို ပါမသွားတာ သေချာနေတဲ့ အသိရယ်၊ မိမိသိမှတ်မှုဘက်မှာ မိမိရဲ့အသိရှိနေတာ သေချာနေတဲ့ အသိရယ်၊ တညီတညွတ်တည်း ဖြစ်နေတဲ့ စိတ်အနေအထား။
တဏှာစိတ်
- ဆာလောင်တဲ့စိတ်၊ အာရုံတွေကို ဆာလောင်တဲ့စိတ်၊ ဘ၀အသစ် တစ်ဖန်ပြန်ဖြစ်စေတဲ့စိတ်။
တထစ်ချယုံကြည်စိတ်
- အာရုံခြောက်ပါးကြောင့်သာ ဖြစ်ပေါ်ခွင့်ရတဲ့ စိတ် စေတသိက်တွေထဲက ဘယ်လိုစိတ်အမျိုးအစားပဲဖြစ်ဖြစ်၊ မိမိစိတ်ထဲ ၀င်လာသမျှ စိတ်တွေကို ဆက်တိုက် စောင့်ကြည့်သိမှတ်နိုင်နေရင် ခံစားမှုတစ်ခုခု ပါလာတတ်တဲ့ စိတ်ရဲ့ အနိုင်ကျင့် နှိပ်စက်တာကို ခံစားရတာမျိုး လုံးဝ မရှိနိုင်တော့ဘူးလို့ တထစ်ချ ယုံကြည်နေတဲ့ စိတ်အဆင့်။
တဒင်္ဂစိတ်
- အရာရာဟာ ခဏလေးသာ ဖြစ်ခွင့်ရှိပြီး ချက်ချင်းပျောက်ပျက် အဆုံးသတ်သွားတဲ့ ခဏလေးနဲ့ အဓိပ္ပာယ်တူတဲ့ စိတ်အမျိုးအစား။
တဒိတ်ဒိတ် တဒုတ်ဒုတ် အသံထွက်နေတဲ့စိတ်
- မြင်လိုက်တဲ့ အမြင်ကြောင့်၊ ကြားလိုက်တဲ့ အသံကြောင့် ဆန့်ကျင်ဘက် လူသားတစ်ဦးဦးရဲ့ အထိအတွေ့ကြောင့် ဖြစ်ပြီးခဲ့ သမျှတွေထဲက၊ ဒါမှမဟုတ် မဖြစ်သေးတဲ့ အခြေအနေတွေထဲက၊ ဒါမှမဟုတ် ဖြစ်ချင်နေတာတွေထဲက တွေးတော ကြံစည်မှုကြောင့် ဖြစ်ပေါ်လာတဲ့ ပြင်းထန်မှု စိတ်အရှိန်က ဦးနှောက်က တစ်ဆင့် နှလုံးအိမ်ဆီကို ရောက်သွားတဲ့အချိန်မှာ လှုပ်ခတ်သွားတဲ့ နှလုံးခုန်သံကို အဓိပ္ပာယ်ဖော်တဲ့ စိတ်အမျိုးအစား။
တနုံ့နုံ့စိတ်
- လူလူချင်း ပြဿနာအရေးအခင်း အကြီးအကျယ် ဖြစ်ပြီးသွားလို့ တစ်ဖက်နဲ့တစ်ဖက် ငြိမ်သက်သွားကြပေမယ့် “ မကျေနပ်ဘူးကွာ ပြောချင်တာတွေကို အားရပါးရ မပြောလိုက်ရဘူး။ အရေးထဲဆို ဒီပါးစပ်က ထွက်မလာဘူး ” စသဖြင့် မကျေနပ်တဲ့စိတ် အရှိန်ဟာ မကုန်သေးဘဲ ပြဿနာဖြစ်ခဲ့တဲ့ နှစ်ဖက်စလုံးမှာ လက်ကျန်ရှိနေမယ့် စိတ်အဓိပ္ပာယ်။