မြတ်စွာဘုရားဟာ အိုခြင်း၊ နာခြင်း၊ သေခြင်းရဲ့ လွတ်မြောက်ရာကို ရဟန်းဘ၀နဲ့ ရှာမယ်ဆိုပြီး တရား အားထုတ်ပါတယ်။

ဘုရားအဖြစ်ကို ရရှိခါနီး မိုးသောက်ယံမှာ ပဋိစ္စသမုပ္ပါဒ် ကို ဆင်ခြင်ပြီးနောက် လို့

မဟာစည်ဆရာတော်ဘုရားကြီး ရေးသားတော်မူတဲ့ ဓမ္မာစကြာမှာ ဖော်ပြထားပါတယ်။

ပဋိစ္စသမုပ္ပါဒ်ရဲ့ အစဟာ အ၀ိဇ္ဇာ တဲ့

အ၀ိဇ္ဇာ ဆိုတာ မသိခြင်း ပါပဲ။

အ၀ိဇ္ဇာဆိုတဲ့ အမှန်မသိမှုကြောင့် အားထုတ်မှု (သင်္ခါရ) တို့ဖြစ်တယ်။

သင်္ခါရဆိုတဲ့ အားထုတ်မှုကြောင့် ဘ၀သစ် (၀ိညာဉ်) တို့ဖြစ်တယ်။

ဘ၀သစ်ဝိညာဉ်ကြောင့် (နာမ်ရုပ်) ဖြစ်တယ်။

နာမ်ရုပ်ကြောင့် (အာယတန) ပစ္စည်းခြောက်ခု ဖြစ်တယ်။

အာယတန ပစ္စည်းခြောက်ခုကြောင့် အာရုံကိုတွေ့ထိတဲ့ (ဖဿ) ဖြစ်တယ်။

ဖဿ အတွေ့အထိကြောင့် ကောင်းတယ်၊ မကောင်းဘူး ခံစားမှု (ဝေဒနာ) ဖြစ်တယ်။

ဝေဒနာ ခံစားမှုကြောင့် နှစ်သက်တပ်မက်တဲ့ (တဏှာ) ဖြစ်တယ်။

တဏှာကြောင့် စွဲလမ်းမှု (ဥပါဒါန်) ဖြစ်တယ်။

ဥပါဒါန်ကြောင့် ဖြစ်ကြောင်းကံ (ဘ၀) ဖြစ်တယ်။

ဖြစ်ကြောင်းကံ (ဘ၀) ကြောင့် ဘ၀အသစ်ဖြစ်မှု (ဇာတိ) ဖြစ်တယ်။

ဇာတိကြောင့် အိုခြင်း၊ သေခြင်း၊ ပူဆွေးခြင်း၊ ငိုကြွေးခြင်း၊ ကိုယ်စိတ်ဆင်းရဲခြင်း၊

နှလုံးမသာယာခြင်း၊ စိတ်နှလုံးပြင်းထန်စွာ ပူပန်ခြင်းတွေ ဆက်တိုက် ဖြစ်ကုန်တယ်တဲ့။

အိုခြင်း၊ နာခြင်း၊ သေခြင်းတွေဖြစ်ရတာ ခန္ဓာကိုယ်ရှိနေလို့တဲ့။ ခန္ဓာကိုယ်ရရှိခြင်းရဲ့အကြောင်းက အ၀ိဇ္ဇာ

မသိခြင်းရဲ့ အကြီးကျယ်ဆုံး အပြစ်ကို ကျူးလွန်လိုက်တာပဲ။

မသိလို့ ကျူးလွန်မိတဲ့အမှားက ရုပ်နာမ်ရရှိတယ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ် ပစ္စည်းခြောက်ခု

ပါလာတယ်။ ပစ္စည်းခြောက်ခုကြောင့် အာရုံခြောက်ပါး ဖြစ်ပေါ်လာတယ်။

အာရုံတွေရဲ့ တွေ့ထိမှုကြောင့် ခံစားမှုတွေ ဖြစ်လာပြန်တယ်။

ခံစားမှုဆိုတာ လောင်စာ၊

အာရုံခြောက်ပါးဟာ လောင်စာ၊

ခန္ဓာကိုယ်ဟာ လောင်စာ၊

လောင်စာရှိလို့ မီးတွေလောင်ကုန်တာ မသိခြင်းကြောင့်ပဲ။

လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲမှာတော့ မသိတတ်တာ၊

ဘာမှကို မသိတာ၊

အလိုက်ကန်းဆိုး မသိတာ၊

သဘာဝရဲ့ အမှန်တရားတွေကို မသိတာရှိတယ်။

အဲဒီ မသိခြင်းတွေထဲမှာ အဆိုးရွားဆုံး မသိခြင်းကတော့..

ဒုက္ခကို ဒုက္ခမှန်း မသိတာပဲ။

ဒုက္ခကို ဒုက္ခမှန်း မသိလို့ ဒုက္ခဖြစ်ကြောင်းတွေချည်း

လုပ်မိရင်း လုပ်မိရင်း အဆက်မပြတ် လုပ်ဖြစ်နေတော့တာပဲ။

ဒုက္ခထဲက လွတ်မြောက်အောင် ရုန်းထွက်ရမယ်။

လူဖြစ်ခွင့်ရနေတဲ့ အချိန်မှာသာ ရုန်းထွက်ခွင့်ရှိတယ်ဆိုတာကို

မသိခြင်းကတော့..

ဆုံးရှုံးမှုတွေထဲမှာ အကြီးမားဆုံး အဆင့်ပဲ။

မသိခြင်းဟာ အကြီးကျယ်ဆုံး အမှားတွေကို ကျူးလွန်ဖို့ အမြဲတမ်း

အဆင်သင့်ဖြစ်နေတယ်။ မသိခြင်းဆိုတဲ့အရာကို အကြာကြီး ပစ်မထားပါနဲ့။

သိစရာရှိတာတွေထဲက သိသင့်တာကို မသိခြင်းဟာ လူဖြစ်ခွင့် ရနေတဲ့အချိန်မှာ

သိအောင်ရှာဖွေတဲ့ အခွင့်အရေးကို ဆုံးရှုံးစေတယ်။

« Previous Chapter

Next Chapter »