ပါမောက္ခချုပ် ဆရာတော် ဒေါက်တာ နန္ဒမာလာဘိဝံသ နဲ့ ဆွေးနွေးတုန်းကတော့ ဆရာတော် အမိန့်ရှိတာ..

“ ဘောလုံးကစားတဲ့လူ ရှိတယ်။ လက်တစ်ဘက်ဆီမှာ ဆယ်လုံးကစားတယ်ဆိုရင်

အလုံးနှစ်ဆယ်နဲ့ ဘောလုံးကစားတဲ့လူတစ်ယောက်

ဆပ်ကပ်မှာ လေထဲမြှောက်ပြီး ဖမ်းပြတယ်။ တစ်လုံးမှ မလွတ်စေရဘူး။

သူ့လက်ထဲမှာလည်း တစ်လုံးမှ မရှိဘူး။”

အဲဒီ ဘောလုံးကစားတဲ့ ဥပမာပေးပြီး ဆရာတော်က ဆုံးမတယ်။

အာရုံခြောက်ပါးနဲ့ ပတ်သက်ပြီး အဆက်မပြတ် ၀င်လာသမျှစိတ်တွေ ၀င်လိုက် ထွက်လိုက် ဖြစ်နေပေမယ့်

အ၀င်အထွက် အကုန်လုံးကို သိရုံလေး သိနေတာကလွဲပြီး

စိတ်ထဲမှာ ဘယ်လိုစိတ်မျိုးမှ လက်ကျန် ကျန်နေခဲ့တာမျိုး မရှိစေရဘူး။ အဲဒီ အဓိပ္ပါယ်။

ဘာပဲလုပ်လုပ် သိနေတာဟာ မိမိစိတ်ကို မိမိစောင့်ကြည့်နေတာပဲ။ လက်ရှိအချိန်မှာပဲ မိမိစိတ်ကို တင်ပေးထားတာပဲ။

စိတ်-စေတသိက်တွေက ခိုင်းလို့ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေက လုပ်ပေးနေကြရတာ။

ဘာပဲလုပ်လုပ် တကယ်သိနေဖို့က သိခြင်းကိစ္စကို ထဲထဲဝင်ဝင် စူးစူးနစ်နစ် သိအောင် ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ အားထုတ်နေမှ ဖြစ်မှာ။

သိတယ်လို့ထင်ပြီး ဘာပဲလုပ်လုပ် မသိရင် ကိုယ်တိုင်လက်တွေ့ သိခြင်းအဓိပ္ပါယ်အရ ကွဲပြားခြားနားနေတယ်။

သိသလိုလိုဆိုတာ သိခြင်းသဘောထဲမှာ ဘယ်လိုမှစာရင်းမ၀င်အောင် အလှမ်းကွာလွန်းနေတယ်။

မိမိသိတယ်ဆိုတာ အမှန်အတိုင်း သိရမယ့် သိစရာတွေကို ကိုယ်တိုင်လက်တွေ့ သိတာဟုတ်ရဲ့လား?

စာထဲမှာ ရေးထားတာတွေ အဖတ်များပြီး သိတယ်ထင်နေတာလား?

သူများပြောတာတွေ နားထောင်ရတာများပြီး ကြားဖူးနားဝ ဖြစ်နေတာကို သိတယ်လို့ ထင်နေတာလား?

လက်တွေ့သိကြည့်တဲ့နေရာမှာ အခက်အခဲဖြစ်နေတဲ့ အသိမှားတစ်ခုက အနှောင့်အယှက်လို ဖြစ်နေပြီး သိကြည့်လို့ မရတော့တာကို သိသလိုလို လုပ်ပစ်လိုက်တာလား?

တကယ်သိအောင် ကိုယ်တိုင်လက်တွေ့ သိကြည့်ပါ။

သိစရာရှိတာတွေကို သိနိုင်ခဲ့ရင်လည်း သိမှုအပေါ်မှာ

မသာယာပါနဲ့။

သိခြင်းဆိုတာ သိကြည့်နေတုန်းသာ သိနေတာ၊

မသိကြည့်ရင် သိခြင်းဆိုတာ မရှိတော့ဘူး။

သိခြင်းကို အကျင့်စရိုက်တစ်ခု ဖြစ်သွားအောင် အကြိမ်ကြိမ်အခါခါ ထပ်တလဲလဲ သတိနဲ့ပေါင်းပြီး လေ့ကျင့်ပါ၊ မသိရင် သိအောင်မေးပါ။

Next Chapter »