သည်းခြေပျက်သွားသောစိတ်
- ရုတ်တရက် မြင်တွေ့လိုက်ရတဲ့ အဖြစ်ဆိုးကြောင့် စိတ်တွေယောက်ယက်ခတ်ပြီး ရှုပ်ယှက်ခတ်ကုန်တဲ့ အဆင့်ကနေ ပိုဆိုးတဲ့အဆင့်ကို ရောက်သွားရင် သည်းခြေပျက်ဆိုတဲ့ ခေါင်းစဉ်နာမည် တပ်လိုက်တဲ့ စိတ်အဆင့်။
သတ်ဖြတ်ချင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
သတ်မှတ်သောစိတ်
- ကမ္ဘာပေါ်မှာ ရှိတဲ့လူသားအားလုံးကို ဒုက္ခဖြစ်စေတဲ့ စိတ်အမျိုးအစားတစ်ခုပဲ။ မြင်သမျှ၊ ကြားသမျှ၊ အနံ့ရသမျှ၊ အရသာနဲ့ ပတ်သက်သမျှ၊ ခန္ဓာကိုယ်အတွင်းနဲ့ အပြင်ကို ထိတွေ့သမျှ၊ စဉ်းစားကြံစည်တွေးတောသမျှ၊ အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်က စိတ်ချင်း စိတ်ချင်း ထိတွေ့တာနဲ့ ငါ့မိန်းမ၊ ငါ့ယောက်ျား၊ ငါ့သား၊ ငါ့သမီး၊ ငါ့အိမ်၊ ငါ့ဥစ္စာပစ္စည်း၊ ငါ့ပြိုင်ဘက်၊ ငါ့ရန်သူစတဲ့ အရာရာကို ငါဆိုတဲ့ ခေါင်းစဉ်တပ်ပြီး သတ်မှတ်လိုက်ကြတယ်။ ဘယ်သူပဲ ဘယ်ဝါပဲလို့ ခေါင်းစဉ်တပ်ပြီး သတ်မှတ်နေကြလို့လည်း စိတ်တွေဟာ ခုတစ်မျိုး၊ တော်ကြာတစ်မျိုး အမျိုးမျိုးပြောင်းရွှေ့နေကြတယ်။ အဲဒီ သတ်မှတ်ချက်တွေကြောင့်လည်း သတ်မှတ်တဲ့စိတ်နဲ့ ညီမျှတဲ့ခံစားမှုကို ခံစားရတော့တယ်။ ခံစားမှုတိုင်းဟာ မိမိသဘောနဲ့မိမိ ကိုယ်တိုင်သတ်မှတ်ပြီး မိမိအယူအဆနဲ့ မိမိ ခံစားနေခြင်းပဲ။ ကောင်းတယ်လို့ ခံစားရရင် ကောင်းတယ်လို့ မိမိသတ်မှတ်လိုက်လို့ပဲ။ ဒီကောင် ငါ့ကို စောင်းမြောင်း ပြောနေတာပဲဆိုတာဟာလည်း စောင်းမြောင်းပြောတယ်လို့ သတ်မှတ်လိုက်လို့ပဲ။ မရှိတာကို ရှိတယ်လို့ သတ်မှတ်လိုက်ရင်လည်း မရှိတာက ရှိတဲ့သဘောဖြစ်သွားရော။ ဥပမာ - အံဆွဲထဲမှာ ငါ့ပိုက်ဆံတွေ ငါဝှက်(ဖွက်)ထားတယ်လို့ သတ်မှတ်ထားတယ်ဆိုပါစို့။ အဲဒီပိုက်ဆံကို တစ်ယောက်ယောက်က ယူသွားလို့ ပိုက်ဆံက မရှိတော့ဘူး။ ဒါပေမယ့် ရှိတယ်လို့ သတ်မှတ်ထားသူကတော့ သူ့ပိုက်ဆံက မရှိတော့ပေမယ့် စိတ်ထဲမှာ ရှိနေတယ်လို့ပဲ လက်ခံယုံကြည်ထားတဲ့ သဘောပဲ။
အရာရာရဲ့ မရှိခြင်းသဘော(မတည်မြဲခြင်း အနိစ္စ)ကိုလည်း မရှိဘူးလို့ သတ်မှတ်တဲ့ လေ့ကျင့်ခန်းကို တည်ဆောက်ပြီး သိကြည့်ရင် မရှိခြင်းတွေဟာ မရှိခြင်းသဘောအနေနဲ့ မရှိခြင်းတွေ ဖြစ်နေတာ သိလာလိမ့်မယ်။ ဆုံးရှုံးမှုတွေ၊ အောင်မြင်မှုတွေဆိုတာဟာ ဖြစ်တုန်းခဏလေးမှာ ဆုံးရှုံးတယ်၊ အောင်မြင်တယ်လို့ သတ်မှတ်လိုက်တာပဲ။ တစ်ချိန်လုံး ဆုံးရှုံးနေတာ မဟုတ်သလို၊ တစ်ချိန်လုံး အောင်မြင်နေတာလည်း မဟုတ်ဘူး။ ဘာမှထပ်မလုပ်တော့ဘဲ ဆုံးရှုံးနေတာကြီးကို ခံစားစရာ မလိုဘူး။ ဘာမှထပ်မလုပ်တော့ဘဲ အောင်မြင်ခဲ့တာကြီးကို တစ်ချိန်လုံး ခံစားသာယာနေလို့ မရတော့ဘူး။ မရှိတော့တာကို ရှိတယ်လို့ သတ်မှတ်ပြီး ခံစားနေတာဟာ အတိတ်ကာလမှာ မိမိစိတ်က ကျန်နေခဲ့တာပဲ ဖြစ်တယ်။
သတ္တိကောင်းသောစိတ်
- သတ္တိရှိတဲ့စိတ်တွေ၊ သတ္တိပြောင်တဲ့စိတ်တွေ ကြားထဲမှာ သတ္တိမရှိတဲ့စိတ်၊ သတ္တိနည်းတဲ့စိတ်တွေ မရှိဘူး။ (သတ္တိ ပြောင်မြောက်ခြင်းရဲ့ စိတ်စွမ်းအားကို သတ္တိမရှိတဲ့စိတ်က ကြောက်ပြီး ရှက်နေလို့ပဲ။)