မရှိခြင်း ဆိုတာ မရှိခြင်း သဘောအနေနဲ့ မရှိခြင်းတွေ အဆက်မပြတ် ဖြစ်နေတယ်။

မရှိခြင်းဆိုတာ သဘာဝတရားပဲ။

မရှိခြင်း ရဲ့သဘောကို စောင့်ကြည့် သိမှတ်ကြည့်ရင် မရှိခြင်း ဆိုတဲ့ အဓိပ္ပါယ် အတိုင်းပဲ၊ အရာရာဟာ မရှိခြင်း နဲ့ အဆုံးသတ်နေတယ်။

မရှိခြင်းနဲ့ အဆုံးသတ်နေတဲ့ မရှိခြင်းသဘောတွေကလည်း မရှိခြင်းအနေနဲ့ အဆက်မပြတ် အဆုံးသတ်နေပြန်တယ်။

မရှိခြင်းနဲ့ အဆုံးသတ်နေတာကို သိနေတဲ့ သိမှတ်မှုတွေကလည်း မရှိခြင်းနဲ့ပဲ ဆက်တိုက် အဆုံးသတ်နေပြန်တယ်။

အသံတစ်ခုကို ကြားလိုက်တယ် ဆိုပါစို့။

ကြားမှန်းသိလိုက်တာနဲ့ ကြားလိုက်တဲ့အသံက မရှိတော့ဘူး။

ကြားမှန်းသိတဲ့ အသိလည်း မရှိတော့ဘူး။

ကြားလိုက်တယ်ဆိုတဲ့ အသံ မရှိတော့သလို ကြားမှန်းသိတဲ့ အသိကလည်း နောက်တစ်ခုကို ပြောင်းရွှေ့သိတဲ့ အသိအဖြစ်ကို ရောက်ရှိသွားပြန်တယ်။

တစ်စုံတစ်ရာကို မြင်လိုက်တယ်ဆိုပါစို့။

မြင်မှန်းသိလိုက်တာနဲ့ မြင်လိုက်တဲ့ တစ်စုံတစ်ရာဟာ အနေအထား နောက်တစ်မျိုးအဖြစ် ပြောင်းရွှေ့ပြီး မြင်မှန်းသိတဲ့ အသိကလည်း မရှိတော့ဘူး။

အချိန်တိုင်းရဲ့ ကြားသမျှ၊ မြင်သမျှ အရာအားလုံးဟာ ဖြစ်ပြီးတာနဲ့ ချက်ချင်း မရှိတော့တဲ့ မရှိခြင်းသဘောတွေ ဖြစ်ကုန်တယ်။ ဒါပေမယ့်…

လူနဲ့ လူ့ပတ်ဝန်းကျင် အသိုင်းအ၀ိုင်းထဲမှာ.. အဲဒီ မရှိခြင်း ရဲ့သဘောတွေ အဆက်မပြတ် ဖြစ်နေတာကို…. အလွယ်တကူ နားလည်သဘောပေါက် လက်ခံဖို့ အခက်အခဲ ဖြစ်နေတတ်ပါတယ်။

ဒီလိုအခက်အခဲဖြစ်ရတာဟာ…

စိတ်ကို စောင့်ကြည့် သိမှတ်တဲ့ အလေ့အကျင့် မရှိလို့ပါပဲ။

မိမိခန္ဓာကိုယ်အကြောင်းနဲ့ စိတ်၊ စေတသိက်အကြောင်းတွေ မသိလို့ပါပဲ။

မရှိခြင်းသဘောကို သိကြည့်ခြင်းဟာ စိတ်လေ့ကျင့်ခန်း လုပ်နေကြတဲ့သူတွေရဲ့

အဓိကအကျဆုံး သိမှတ်မှုပဲ။