လူဆိုတာ
အသိဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်၊
တွေးခေါ်မြော်မြင်၊
ဆုံးဖြတ်နိုင်တဲ့ အခွင့်အရေး ရှိလို့
သတ္တ၀ါတွေထဲမှာ လူဆိုတဲ့ သတ္တ၀ါဟာ
အမြင့်မြတ်ဆုံး သတ္တ၀ါပဲ တဲ့!
လူသားတွေရဲ့ အသိမရှိမှု၊
သတိမရှိမှုတွေကို အခွင့်ကောင်းယူပြီး
ခန္ဓာငါးပါး၊ ရုပ်နာမ်နှစ်ပါးနဲ့
ပစ္စည်းခြောက်ခုရဲ့ အာရုံခြောက်ပါးတွေက စည်းမရှိ၊ ကမ်းမရှိ၊
အတားအဆီး အထိန်းအကွပ် မရှိ၊
အစွမ်းရှိသလောက် တစ်လှည့်စီ၊
တစ်ခုပြီးတစ်ခု သောင်းကျန်းပြနေတာကို
ရပ်တန့်သွားအောင် မစွမ်းဆောင်နိုင်တော့ဘူးလား?
စွမ်းအားရှင်ဆိုတဲ့ လူသားအနေနဲ့ မတားဆီးနိုင်ဘူးလား?
ခဏလေးသာ သက်တမ်းရှိတဲ့ စိတ်စေတသိက်တွေရဲ့ အနိုင်ကျင့် နှိပ်စက်နေတာကို မတွန်းလှန်နိုင်ဘူးဆိုရင်
၃၁ ဘုံထဲက အမြင့်မြတ်ဆုံးဆိုတဲ့ လူ့ဂုဏ်သိက္ခာကို လျော့ကျစေတယ်နော်။
ဘယ်ကလာမှန်း မသိဘဲ
လူ့လောကထဲကို လူအဖြစ်နဲ့ ရောက်လာခဲ့ပြီးပြီ။
လူ့ဘ၀ တစ်လျှောက်လုံးမှာလည်း ဒုက္ခမျိုးစုံ ခံခဲ့ပြီးပြီ။
လူ့လောကထဲက ပြန်ထွက်သွားတဲ့အခါမှာ မိမိပြန်မယ့်လမ်းကြောင်းကို ရွေးချယ်ခွင့်ရှိတာ လူ တဲ့။
ကဲ! အသင်လူသား
အသက် ရှင်ခွင့်ရနေသေးတဲ့ လက်ကျန်အချိန်လေးမှာ
ဒုက္ခမီးတွေကို ဘယ်လို ငြှိမ်းသတ်ခဲ့ပြီး ငြိမ်းအေးချမ်းသာစွာနဲ့
ဘယ်လမ်းကြောင်းက ပြန်ထွက်မှာလဲ?