ပါမောက္ခချုပ် ဆရာတော် အရှင်နန္ဒမာလာဘိဝံသကို ရွှေဂုံတိုင် (SSC) ဆေးရုံမှာ ဆေးစစ်ခံနေတုန်း သွားရောက် ဖူးမြော်ရင်း ဆွေးနွေးကြတော့

ဝိပဿနာမှာ အဆင့်လေး နှစ်ဆင့်ရှိတယ်။

ပထမအဆင့်က ရုပ်နာမ်တွေရဲ့ သဘောလေးကို သိတာ။

ပြီးတဲ့အခါ ဒီဟာကို ရင့်ကျက်လာတဲ့ အခါကျတော့ မမြဲတဲ့သဘော၊ ဆင်းရဲတဲ့သဘော။

ဆင်းရဲတယ်ဆိုတာ မမြဲမှုတွေ မပြတ်နှိပ်စက်နေလို့ ဆင်းရဲတယ်လို့ ပြောတာ။ (လူတွေ အရပ်ထဲပြောတဲ့ ဆင်းရဲတာမျိုး မဟုတ်ဘူး။)

အဲဒီသဘောလေးတွေကို အနိစ္စ ဒုက္ခ အနတ္တပေါ့။ ကိုယ်ဖြစ်ချင်တိုင်း မဖြစ်ဘူးဆိုတဲ့ အနတ္တသဘော။

အဲဒါလေးတွေက အများဆိုင်ပေါ့။ အဲဒီနှစ်ခု ပိုင်ပိုင်နိုင်နိုင် သိလာအောင် ပထမကြိုးစားရမယ်။

ကိုယ့်စိတ်ထဲမှာ ပေါ်လာသမျှ တရားတွေဟာ ရုပ်ဓမ္မ၊ နာမ်ဓမ္မတွေဟာ ဒီသဘာဝနှစ်ခုနဲ့ ရှုမြင်သုံးသပ်နိုင်တဲ့ အနေအထားမျိုး ရှိလာတယ်။

အဲဒီလို ရှုမြင်သုံးသပ်နိုင်တဲ့ အနေအထား ရှိလာတဲ့အခါမှာကျတော့၊

သင်္ခါရတရားတွေရဲ့ မမြဲတဲ့သဘောတွေထဲက နောက်လေ့ကျင့်ပါ များလာတဲ့အခါကျတော့၊

သတိတွေ၊ စွမ်းအားတွေ၊ သမာဓိ စွမ်းအားတွေ တွေ့တဲ့အခါကျတော့၊

ဖြစ်တာ၊ ပျက်တာတွေ မြင်ရင်းကနေ သမာဓိတရားကလည်း တအားကောင်းလာတဲ့အခါကျတော့၊

စိတ်တွေကြည်လာပြီဆိုတော့ နောက်ပိုင်းကျတော့

ကိုယ်က သိတဲ့၊ မှတ်တဲ့စိတ် ထက်သန်လွန်းလို့ ဖြစ်တာကိုတောင် မမြင်တော့ဘူး။

ပျက်နေတာတွေချည်းပဲ မြင်သွားတဲ့အဆင့် ရောက်သွားတယ်။ (သူက မြန်လွန်းလို့)

မြန်တယ်ဆိုတဲ့သဘောက အခု တပည့်တော်တို့ တွေးတဲ့အာရုံတွေက အများကြီး လွတ်နေတယ်။

အများကြီး လွတ်နေတယ်။

“ ဘောလုံးကစားတဲ့လူ ရှိတယ်။ လက်တစ်ဘက်ဆီမှာ ဆယ်လုံးကစားတယ်ဆိုရင် အလုံးနှစ်ဆယ်နဲ့ ဘောလုံးကစားတဲ့ လူတစ်ယောက်၊

ဆပ်ကပ်မှာ လေထဲမြှောက်ပြီး ဖမ်းပြတယ်။ တစ်လုံးမှ မလွတ်စေရဘူး။ သူ့လက်ထဲမှာလည်း တစ်လုံးမှ မရှိဘူး။ ”

အဲဒီလို အာရုံတွေအပေါ်မှာလည်း တစ်ခုမှ လွတ်မသွားအောင် ဖမ်းနိုင်တဲ့အဆင့်ကို ရောက်အောင်သွားရမယ်။

အဲဒီ ဖမ်းနိုင်တဲ့အဆင့်ကို ရောက်အောင်ဆိုတာ သတိစွမ်းအားတွေ၊ သမာဓိစွမ်းအားတွေ၊ ပညာစွမ်းအားတွေ တအား ထက်လာမှ သူကရမှာ။

အဲဒီအဆင့်ရောက်ဖို့ဆို အများကြီးလိုသေးတယ်။ ကျင့်ရမယ်။

အဲဒါ ကျင့်လာတဲ့အခါ နောက်ဆုံးမှာ ပျက်နေတာတွေချည်းပဲ မြင်လာတဲ့အခါကျတော့ စိတ်ထဲမှာ ဘယ်လို အတွေ့အကြုံ၊ အာရုံထဲမှာ ဘယ်လို၊ ရင်ထဲမှာ ဘယ်လိုပေါ်လာလဲဆိုတော့ သင်္ခါရတွေက ကြောက်စရာကြီးပါလားလို့ဆိုတဲ့ တွေးကြည့်တဲ့ဟာ မဟုတ်ဘူး။

သူက အသိဉာဏ်ထဲမှာကို ပေါ်လာတာ။ ကြောက်စရာကြီးပဲ။

ပျက်တာတွေချည်းပဲ မြင်နေတဲ့အတွက်ကြောင့် ကြောက်စရာကြီးလို့ မြင်လာတယ်။

ကြောက်စရာကြီး မြင်လာတဲ့အခါကျတော့ သာယာမှုဆိုတာ ဘယ်နေရာမှ ရှာလို့မရတော့ဘူး။

ရုပ်မှာလည်း သာယာမှု ရှာလို့မရတော့ဘူး။

နာမ်မှာလည်း သာယာမှု ရှာမရဘူး။

အဲဒီ သာယာမှုတွေ ရှာမရတဲ့အခါမှာ ဘာဖြစ်လာလဲဆိုတော့ ဒါကြီးက လွတ်သွားရင် ကောင်းမှာပဲ၊

မရှိတော့ရင် ကောင်းမှာပဲဆိုတဲ့ အတွေးတွေ ၀င်လာပြီ။

ဝင်လာရင် လွတ်ရာလွတ်ကြောင်း ပြန်ပြီးတော့ ဆင်ခြင်သုံးသပ်လာတယ်။

ဆင်ခြင်သုံးသပ်လာတဲ့ အခါကျတော့ သင်္ခါရရဲ့ သဘာဝတရားတွေဟာ ဒီအတိုင်းပဲ။

ချစ်ခြင်း၊ မုန်းခြင်းဆိုတာတွေ စိတ်ထဲမှာ မရှိတော့ဘူး။ စိတ်ဟာ တည်တည်ငြိမ်ငြိမ်လေး ပြန်ဖြစ်သွားတယ်။

အဲဒီ တည်တည်ငြိမ်ငြိမ်လေး ပြန်ဖြစ်သွားတဲ့ ဒီဉာဏ်စွမ်းအားဟာ အလွန်ထက်လာပြီဆိုရင် သင်္ခါရတရားတွေကို ရှုရင်း ရှုရင်းနဲ့ ရုပ်တရား၊ နာမ်တရားဆိုတဲ့ သင်္ခါရအာရုံတွေဟာ လုံးဝမဖြတ်ဘဲ trace လုပ်သွားတယ်။

နောက်ဆုံးမှာ လုံးဝ ချုပ်သွားတဲ့အထိ မြင်လိုက်တယ်။

ဘယ်နေရာသွားရင် သူကဆုံးတယ်ဆိုတဲ့ (အဆုံးလေး) သင်္ခါရတရားတွေ လုံးဝမဖြစ်တဲ့ အဆင့်လေးကို မြင်လိုက်ပြီဆိုရင်

ဒါ နိဗ္ဗာန်ကို မြင်တယ်လို့ ပြောရတာပေါ့နော်။

“ချုပ်သွားတယ်ဆိုတာ ရှုလို့ ချုပ်သွားတာလား?

ရှုလို့ ချုပ်သွားတာ မဟုတ်ဘူး။

ရှုလို့ ချုပ်တာ မဟုတ်ဘူးဆိုရင် ဖြစ်လာစရာရှိတာကို အဖြစ်မခံတော့လို့၊ ထပ်မဖြစ်တော့လို့ ချုပ်သွားတာလား?

မဟုတ်ဘူး။ အဲဒီလိုလည်း မဟုတ်ဘူး။

ဘယ်လိုလဲ ဘုရား၊

ချုပ်တယ်ဆိုတာ၊ သင်္ခါရတရားဆိုတာ သူ့အကြောင်းရှိလို့ သူ့ဟာသူ ချုပ်နေတာပဲ။

ကိုယ်က အသိဉာဏ်နဲ့ လိုက်သွားရင်း လိုက်သွားရင်းကနေ သင်္ခါရတရားတွေ၊ ဖြစ်ခြင်း ပျက်ခြင်း မရှိတော့တဲ့ အဆင့်လေးကို မြင်လိုက်တာ။

အဲဒီချုပ်နေတာ သဘာဝက သူ့ဟာသူ ချုပ်နေတာလား?

သူ့ဟာသူ ချုပ်တဲ့အဆင့် ရှိတယ်လေ။

အဲဒါကို ကိုယ့်အသိဉာဏ်က မြင်တာလား?

ဟုတ်တယ်။ အသိဉာဏ်က မြင်တာ၊ အဲဒီဟာမျိုး လေ့ကျင့်ရင်း လေ့ကျင့်ရင်း

သင်္ခါရတရားလေးတွေဟာ ကိုယ့်ရဲ့ အရှုခံအာရုံဖြစ်တဲ့ သင်္ခါရတရားလေးတွေဟာ သိမ်မွေ့သွားတာ။

ဆိုပါစို့ ထွက်လေ၊ ၀င်လေလေးတင်ပဲ သမာဓိစွမ်းအား ကောင်းလာရင် ပျောက်သွားတယ်လို့ ထင်လောက်ရအောင် သိမ်မွေ့သွားတာ။

အဲဒီ အဆင့်ရောက်သွားတာကို ဆိုလိုတာပေါ့။

ရောက်သွားပြီဆိုရင် ကိလေသာတွေလည်း အဆင့်လိုက် ဖယ်ရှားသွားတယ်။

အဲဒီ အဆင့်ရောက်မှ ၀ိပဿနာဉာဏ်နဲ့ လုပ်ငန်းတစ်ခုမှာ အဆုံးသတ်တာ။”