ဟန်ကိုယ်ဖို့စိတ်
- အတိအကျ ဝေဖန်ရရင်တော့ စိတ်အစစ်မဟုတ်ဘူး။ အယောင်ဆောင်တာ ပါနေတယ်။ လူတွေထဲမှာ နေနေကြတဲ့ လူတချို့ တစ်ခါတလေ ထုတ်သုံးတတ်တဲ့ စိတ်အကြွား။
ဟန်ကျပန်ကျစိတ်
- စည်းကမ်းရှိရှိ၊ သေသေသပ်သပ်၊ အဆင့်မြင့်မြင့် သဘောပါဝင်နေတဲ့ စိတ်အမျိုးအစား။
ဟန်ကြီးပန်ကြီးစိတ်
- မာနစိတ်အနည်းငယ် ပါဝင်နေတယ်။ ဟိတ်ဟန်ထုတ်ပြ ကြွားဝါတဲ့ အဓိပ္ပာယ်ပါဝင်နေတဲ့ စိတ်အမျိုးအစား။
ဟန်ချက်ညီသောစိတ်
- အညီအမျှဖြစ်နေတဲ့ စိတ်သဘော။ ကြိုက်တာလည်း မဟုတ်ဘူး။ မကြိုက်ဘူးလည်း မဟုတ်ဘူး။ ချိန်ခွင်လျှာလို ဟိုဘက်လည်း မပိုဘူး။ ဒီဘက်လည်း မလိုက်လျောဘူး။ ညီမျှနေတဲ့ စိတ်အနေအထား။
ဟန်ဆောင်တတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဟန်တစ်လုံးပန်တစ်လုံးစိတ်
- မရဘူးတဲ့ အခွင့်အရေးတွေကို အချောင်သဘောမျိုး၊ ရုတ်တရက် ရလိုက်ပြီးတဲ့နောက်မှာ ပြောင်းလဲသွားတဲ့ မာနစိတ်တစ်မျိုး။
ဟန်ပါသောစိတ်
- စိတ်ပါလက်ပါ အားကြိုးမာန်တက် ဆောင်ရွက်နေတဲ့အချိန်မှာ ပီပီပြင်ပြင် ပေါ်လွင်နေတဲ့ စိတ်အနေအထား။
ဟန်ပြင်နေသောစိတ်
- အလုပ်တစ်ခုကို တကယ်လုပ်တော့မလိုလိုနဲ့ ဟန်ရေးပြတာများနေပြီး ဘာမှမလုပ်သေးတော့ ဟန်လုပ်နေတာလား၊ တကယ်လုပ်မှာလားဆိုတာ ခန့်မှန်းလို့ မရသေးတဲ့ စိတ်အနေအထား။ တချို့ကျတော့လည်း အလုပ်တစ်ခုကို ပီပီပြင်ပြင် လုပ်နိုင်ဖို့အတွက် မလုပ်ခင် ကြိုတင်ပြင်ဆင်ခြင်းဟာ သေချာမှုကို ဖြစ်စေတယ်လို့ ယုံကြည်ပြီး ပြင်ဆင်နေတဲ့ စိတ်အနေအထား။
ဟန့်တားသောစိတ်
- ဘယ်သူ့အတွက်မှ အကျိုးမရှိတဲ့ အလုပ်မျိုးဆိုရင်၊ မိမိစိတ်ကို ပျက်စီးစေမယ့် အလုပ်မျိုးဆိုရင်၊ လုံးဝမလုပ်နဲ့လို့ မိမိစိတ်ကို မိမိအသိဉာဏ်က တားဆီး ထိန်းသိမ်းထားတဲ့ စိတ်အရည်အချင်း။
ဟိန်းဟောက်သောစိတ်
- ဆိုးသွမ်းတဲ့သူတွေကို ထိန်းသိမ်းတဲ့နေရာတွေမှာ တာဝန်ယူထားရတဲ့ အုပ်ချုပ်သူ လူကြီးတွေ အသုံးချလေ့ရှိတဲ့စိတ် အမျိုးအစား။ မိမိမှာရှိတဲ့ အရည်အချင်းကို လိုအပ်တာထက်ပိုပြီး ထုတ်ကြွားချင်တဲ့ လူတချို့မှာလည်း အဲဒီ ဟိန်းဟောက်တဲ့ စိတ်မျိုး ရှိနေတတ်ပါတယ်။
ဟုန်းခနဲဖြစ်သွားသောစိတ်
- ရုတ်တရက် မီးထလောင်တဲ့ စိတ်အမျိုးအစား။
ဟုန်းဟုန်းတောက်နေသောစိတ်
- လောင်စာရှိနေလို့ မီးလောင်တာ။ မိမိစိတ်ထဲမှာလည်း ခံစားနေတဲ့ စိတ်လောင်စာတွေ။ လိုချင်တပ်မက်နေတဲ့ တဏှာစိတ် လောင်စာတွေ။ စွဲလမ်းနေတဲ့ စိတ်လောင်စာတွေ ရှိနေသမျှ စိတ်မီးတွေ၊ ဒုက္ခမီးတွေက အရှိန်ပြင်းဆုံး အနေအထားမျိုးနဲ့ လောင်နေမှာပဲ။

Next Chapter »