ဟာကွက်များသောစိတ်
- အစီအစဉ်တစ်ခုကို စေ့စေ့စပ်စပ် စနစ်တကျ တည်ဆောက်ထားတာ မဟုတ်တော့ ပီပြင်မှုမရှိဘဲ လိုအပ်ချက်တွေ ရှိနေတဲ့ စိတ်အနေအထား။
ဟာလာဟင်းလင်းစိတ်
- ဒီစိတ်အမျိုးအစားကို ဒီနေရာမှာ ဘာမှမရှိခြင်းလို့ အဓိပ္ပာယ်ဖော်ပြလိုပါတယ်။ ဘာမှမရှိတဲ့ ဟင်းလင်းပြင် တစ်ခုလို ဟောင်းလောင်းပေါက်သဘော ဘာမှမရှိဘူး။ ဘာဆိုဘာတစ်ခုမှ မရှိတဲ့စိတ်။
ဟီရိသြတ္တပ္ပစိတ်
- စိတ်အဓိပ္ပာယ်နှစ်မျိုး ပါဝင်နေပါတယ်။ ဟီရိက မကောင်းတဲ့အလုပ်မှန်သမျှကို ပြုလုပ်ရမှာ ရှက်တတ်တဲ့စိတ်။ သြတ္တပ္ပက မကောင်းတဲ့ အလုပ်မှန်သမျှကို ပြုလုပ်ရမှာ ကြောက်တဲ့စိတ်။
ဟီးထနေသောစိတ်
- ဟီးထနေအောင် ကြီးကျယ်နေသော စိတ်အဆင့်။
ဟေးလားဝါးလားစိတ်
- ရည်ရွယ်ချက် ကြီးကြီးမားမား မပါဘဲ အပျော်သဘော စိတ်ကို လွှတ်ထားတဲ့ စိတ်အမျိုးအစား။
ဟောခနဲဒိုင်းခနဲစိတ်
- ပြောစရာရှိတာ ပြောမယ်။ လုပ်စရာရှိတာ လုပ်မယ်။ ဟောဟောဒိုင်းဒိုင်းပဲ။ လျှို့ဝှက်တာတွေ၊ ထိန်ချန်တာတွေမပါဘဲ ရိုးသားပွင့်လင်း ပြတ်သားခြင်း အဓိပ္ပာယ်တွေပါဝင်တဲ့ စိတ်အမျိုးအစား။
ဟော့ရမ်းသောစိတ်
- အထိန်းအကွပ်မရှိဘဲ ရိုင်းစိုင်းခြင်း၊ မိုက်မဲခြင်း အဓိပ္ပာယ်ရောနှော ပါဝင်ပြီး ရမ်းကားနေသလို စိတ်အနေအထား။
ဟိုစပ်စပ် ဒီစပ်စပ်စိတ်
- ဟိုနေရာနည်းနည်းပါ၊ ဒီနေရာနည်းနည်းပါ။ ဟိုနှယ်သည်နှယ်စိတ်။ ဟိုလိုလို ဒီလိုလိုနဲ့ အီးယောင်ဝါးစိတ်။ ဟိုစပ်စပ် ဒီစပ်စပ်၊ ဟိုနှယ် ဒီနှယ်၊ ဟိုလိုလို ဒီလိုလို စိတ်ရဲ့သဘောတွေက ပြတ်ပြတ်သားသား သဘောမျိုးမရှိဘဲ နေရာတိုင်းမှာ သိသလိုလို၊ တတ်သလိုလိုနဲ့ အယောင်ဆောင် သဘောပါနေတဲ့ စိတ်အနိမ့်စား။
ဟက်ဟက်ပက်ပက်စိတ်
- ပွင့်လင်းတယ်။ ရှိသမျှ အကုန်ထုတ်ပေးတယ်။ နှမြောတာတွေ၊ တွန့်တိုတာတွေ မပါဘူး။ လိုက်လျောတဲ့ အတိုင်းအတာ အနေနဲ့ကလည်း အဆုံးပဲ။ စိတ်က ရှင်းလွန်းနေတဲ့ သဘောပဲ။
ဟောင်ဖွာဟောင်ဖွာစိတ်
- အလုပ်လုပ်တာကနည်းနည်း၊ စကားတွေ အော်အော်ပြီးပြောတာက ပိုများနေတယ်။ တကယ်လုပ်တာမျိုး မဟုတ်ဘဲ လူသိအောင် လုပ်ပြနေတဲ့ စိတ်အဆင့်။
ဟောင်းနွမ်းနေသောစိတ်
- မသစ်တော့ဘူး၊ မလန်းဆန်းတော့ဘူး၊ ထပ်ဆင့်ပွား တွေးခေါ်တာတွေ မပါတော့ဘဲ သုံးပြီးသားတွေသာ ထုတ်ထုတ် သုံးနေလို့ အာရုံဟောင်းသွားတဲ့ စိတ်အနေအထား။
ဟိတ်ကြီးဟန်ကြီးစိတ်
- မရှိတာကို အရှိဟန်ဆောင်ပြီး ဟိတ်ဟန်ထုတ်တဲ့စိတ်။ တိုက်ရိုက်ဘာသာပြန်ရရင်တော့ ကြွားတတ်တဲ့စိတ်အမျိုးအစား။ ရှိတာကနည်းနည်း ကြွားပြတာကများနေတဲ့ စိတ်အကြွား။
ဟုတ်တိပတ်တိစိတ်
- ဟုတ်တိပတ်တိ လုပ်တာလည်း မဟုတ်ဘူးလို့ ယူဆရင်တော့ အလုပ်လုပ်နေတာ မစစ်မဟုတ်ဘဲ ဟန်ဆောင်နေတဲ့သဘော။ တကယ့်ကို ဟုတ်တိပတ်တိ လုပ်နေတာဟေ့! လို့ သတ်မှတ်ရင်တော့ အလုပ်လုပ်နေတာ စိတ်အစစ် ဖြစ်သွားတယ်။
ဟုတ်မှန်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ဟုတ်တိုင်းမှန်ရာပဲလုပ်သောစိတ်
- မှားနေတယ်နော်လို့ သူတစ်ပါးကရော၊ မိမိကပါ လက်ခံယုံကြည်ထားရင် ဘယ်သူခိုင်းခိုင်း၊ ဘယ်လိုခိုင်းခိုင်း မလုပ်ဘူး။ ဒါကတော့ မှန်တယ်။ လုပ်ကိုလုပ်သင့်တယ်ဆိုရင်တော့ ဘယ်သူမှ မခိုင်းလည်း လုပ်တယ်။ တစ်ပြားမှမရလည်း လုပ်တယ်။ အမှန်တရားကို လက်ခံထားတဲ့ စိတ်အဓိပ္ပာယ်။