အညှာလွယ်သောစိတ်
- လူကုန်ကူးတဲ့လုပ်ငန်းနဲ့ လိင်ဖျော်ရေးလုပ်ငန်းတွေထဲမှာ သားကောင်အဖြစ် ရောက်သွားကြတာဟာ အညှာလွယ်တဲ့ စိတ်ကြောင့်ပဲ။ စာပေဗဟုသုတ မရှိဘူး။ ပတ်ဝန်းကျင်လေ့လာမှု အားနည်းတယ်။ စီးပွားရေး အဆင်မပြေဘူး။ စားဝတ်နေရေး ကျပ်တည်းတယ်။ မပြည့်စုံတာတွေက များနေတော့ စိတ်အညှာက သိပ်မခိုင်ဘူး။ မထိခင်တည်းက ကြွေချင်နေတဲ့စိတ်။ စကားတွေအများကြီး ပြောပြီး စည်းရုံးနေစရာမလိုဘဲ မိမိဘက်က လွယ်လွယ်ကူကူနဲ့ ပါလာတဲ့ စိတ်အညှာအပျော့စား။
အတားအဆီးမှန်သမျှ ကျော်ဖြတ်နေသောစိတ်
- လက်တွေ့မပါဘဲ “အားလုံးကို ကျော်ဖြတ်မယ်” ဆိုတဲ့ စကားကို ပြောခွင့်မရှိဘူး။ ပြောမိရင် စိတ်ကူးယဉ်တာပဲ ဖြစ်မယ်။ လူသားတိုင်း ကြုံတွေ့နေရတဲ့ အတားအဆီးတွေဟာ ပုံစံမျိုးစုံရှိတယ်။ အဲဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်တဲ့ နည်းစနစ်ကို ရှာဖွေလေ့ကျင့်ထားပြီး ကြိုတင်ပြင်ဆင်မှုတွေ ရှိဖို့လိုတယ်။ သိစရာရှိတာတွေထဲက သိကိုသိရမယ့် ကိုယ်တွေ့အသိဉာဏ် စွမ်းအားနဲ့သာ အတားအဆီး မှန်သမျှကို ကျော်ဖြတ်လို့ရမှာ။ (အရာရာကို တားဆီးနေတာ မိမိရဲ့စိတ်ဖြစ်နေတယ်နော်။)
အတိဒုက္ခရောက်နေသောစိတ်
- ဒုက္ခအစစ်နဲ့ တကယ်တွေ့နေရပြီ။ တကယ့်ဒုက္ခအစစ်ကို ခံနေရတဲ့အချိန်မှာ ဖြစ်နေတဲ့စိတ်ပုံစံ။
အတိအကျသိနေသောစိတ်
- အရာရာဟာ မရှိတော့ဘူးနဲ့ အဆုံးသတ်နေတယ်။ မရှိတော့ဘူးဆိုတာကို သိနေတဲ့အသိဟာလည်း မရှိတော့ဘူးနဲ့ပဲ အဆုံးသတ်နေတယ်။ ဘာမှမရှိဘူးဆိုတဲ့သဘောဟာလည်း ဘာမှမရှိဘူးဆိုတဲ့ သဘောအတိုင်းရှိနေတယ်။ စိတ်ကိုစောင့်ကြည့်သိမှတ်မှု အားကောင်းလာရင် သိစရာရှိတာတွေကို အတိအကျ သိသိသွားတဲ့ အသိဉာဏ်။
အတုကိုအစစ်ထင်သောစိတ်
- တံလျှပ်ကို ရေထင်မိလို့ ရွှေသမင်ဒုက္ခရောက်ခဲ့ရတဲ့ ဥပမာကို တစ်ဆင့်စကား တစ်ဆင့်နားနဲ့ လူတိုင်းလိုလို သိနှင့်ပြီးသား ဖြစ်နေမှာပါ။ အမှားကို အမှန်ထင်တာ၊ အတုကို အစစ်ထင်မိလို့ ဒုက္ခရောက်တဲ့သဘော။ အရာရာဟာ ခဏလေးဆိုတဲ့ သဘာဝသဘောကို အကြာကြီး တည်မြဲနေတယ်လို့ ထင်ထားကြတဲ့ သူတွေကျတော့လည်း စွဲလမ်းတပ်မက်တဲ့ ရောဂါရကြတယ်။ အတုကို အစစ်ထင်နေလို့ ဒုက္ခရောက်တဲ့သဘော။ အစစ်ကို အတုထင်နေလို့ ဒုက္ခဖြစ်တာမျိုး။ မရှိခြင်းကို ရှိတယ်ထင်နေကြလို့ ဒုက္ခရောက်တာမျိုးလည်း ရှိနေပြန်တယ်။