ရေလိုစိတ်
- ရေဆိုတာ သူ့ကိုထည့်ထားတဲ့ ပစ္စည်းရဲ့ပုံစံအတိုင်းပဲ ရှိပေးတယ်။ လေးထောင့် ပုလင်းဆိုရင် ရေက ပုလင်းအတိုင်း လေးထောင့်။ ရေကန်ထဲမှာဆိုရင် ရေကန် အကျယ်အ၀န်းအတိုင်းပဲ။ ရေကို ဘယ်လိုပုံစံနဲ့ စုဆောင်းမလဲ? ရေဆိုတဲ့သဘောက တစ်နေရာတည်းမှာ အကြာကြီး ငြိမ်သက်နေရင် ခြင်ကောင်ဝင်ဥမယ်။ ရေက ပုပ်လာမယ်။ တန်ဖိုးရှိတဲ့ရေက အန္တရာယ်ဖြစ်သွားမယ်။ ပြောင်းရွှေ့မှု ရှိတဲ့ရေက သန့်ရှင်းတယ်။ လူတွေအတွက် အသုံးဝင်မယ်။ ရေကို ဂရုစိုက်ဖို့လိုတယ်။ ရေကို ရေအတိုင်းပဲထားရင် ရေကရေပဲ။ အခြားသော အရည်တွေနဲ့ရောရင် ပွားများတဲ့ အကျိုးကိုရစေတယ်။ ရေဆာတဲ့အခါမှာ ရေကလွဲလို့ ဘာကိုပဲသောက်သောက် ရေငတ် မပြေဘူး။ ရေသောက် လိုက်မှသာ ရေသောက်သူအတွက် ပြည့်စုံ သွားစေတယ်။ ရေရဲ့အဓိပ္ပာယ်နဲ့ တန်ဖိုးကို သိပြီး အသုံးချတတ်ဖို့ပဲ လိုပါတယ်။ ရေရှားတဲ့ နေရာတွေမှာ ရွှေမလိုဘူး။ ငွေမလိုဘူး။ ရေပဲလိုတယ်။ ထမင်းမစားဘဲနေရင် လူ့အသက် တစ်ပတ်လောက် ခံတယ်တဲ့! ရေမသောက်ရရင် တစ်မနက်ပဲတဲ့။ ရေရဲ့တန်ဖိုးကို သိပြီး ရေလိုစိတ်နဲ့ လူတွေထဲမှာ နေကြည့်ပါ။
ရေလိုက်ငါးလိုက်စိတ်
- ပြဿနာ မတက်ချင်တဲ့သူတွေ၊ ဇယားမရှုပ်ချင်တဲ့သူတွေ လိုက်နာတဲ့ စည်းကမ်းတစ်မျိုးပဲ။ ဘယ်သူ့ကိုမှ အတိုက်အခံ မလုပ်ဘူး။ ဘယ်သူမှားတယ်၊ ဘယ်သူမှန်တယ်လို့ မဝေဖန်ဘူး။ ဘယ်သူဘာပြောပြော အသာလေး ခေါင်းငြိမ့်ပြီး ပြုံးပြနေတဲ့စိတ်။
ရေလိုက်လွဲသောစိတ်
- ခပ်ရိုင်းရိုင်း ဥပမာပေးကြတာကတော့ ယုန်တောင်ပြေး ခွေးမြောက်လိုက်တဲ့! ဘယ်နေရာမှာပဲဖြစ်ဖြစ်၊ ဘာအလုပ်ပဲ လုပ်လုပ် လုပ်ပုံကိုင်ပုံတွေ အံလွဲနေတဲ့သဘော။ လုပ်တော့လုပ်တာပဲ လုပ်တာမှ အစွမ်းကုန်ပါပဲ။ ဒါပေမယ့် ပြီးသွားတဲ့အခါမှာ ထွက်လာတဲ့အဖြေက ထင်သလို မဟုတ်ဘူး ဖြစ်နေတယ်။ တစ်ခုခုတော့ လွဲနေပြီဆိုတဲ့အဖြေကို သိဖို့လိုတယ်။ သိရင်လည်း ချက်ချင်းပြင်လိုက်ပါ။ အကြာကြီး မလွဲတော့ဘူးပေါ့။
ရေသာခိုသောစိတ်
- ဒီစိတ်ကို ခပ်ပြင်းပြင်းလေး အဓိပ္ပာယ်ဖော်ရရင် အချောင်သမားစိတ်။ မိမိဘက်က မည်မည်ရရ ဘာအင်အားမှ မစိုက်ဘဲ အချောင်ခိုတဲ့စိတ်။
ရေအလျဉ်ကဲ့သို့သောစိတ်
- ရေစီးနေတဲ့ ချောင်းထဲက ရေကို တစ်နေရာတည်း စူးစိုက်ကြည့်နေရင် မိမိကြည့်နေတဲ့ရေဟာ ကြည့်နေရင်းနဲ့ မရှိတော့တာကို ချက်ချင်းသိတယ်။ ကြည့်နေတဲ့ရေဟာ ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာ ချက်ချင်းသိတယ်။ ရေအလျဉ်ကို ကြည့်နေရင်း သူ့ထက်ပိုမြန်တဲ့ စိတ်အလျဉ်ကိုပါ ခန့်မှန်းပြီး သိကြည့်လို့ရတယ်။ စိတ်ဝင်စားရင်
ရေးကြီးခွင့်ကျယ်လုပ်တတ်သောစိတ်
- ထင်ပေါ်ကျော်ကြားချင်တဲ့ လူတချို့မှာ ရှိလေ့ရှိထရှိတဲ့ စိတ်အမျိုးအစား။ ဘာမှမဟုတ်တာကိုလည်း အရေးတကြီးပုံစံနဲ့ ပျာယာခတ်ပြနေတာမျိုး။ ဘာမှန်းမသိတာတွေကို တစ်ယောက်တည်း အလုပ်ရှုပ်ပြနေတာမျိုးဟာ အရေးမကြီးတာကို ရေးကြီးခွင့်ကျယ် လုပ်ပြချင်တဲ့ စိတ်ကြောင့်ပဲ။
ရေးကြီးသုတ်ပျာစိတ်
- ရုံးကဆင်းတော့မယ်။ ရုံးဆင်းအမီ တင်ရမယ်နော်ဆိုတဲ့ အထက်လူကြီးရဲ့ အမိန့်ကလည်း ရှိနေတယ်။ မပြီးပြန်ရင်လည်း သိက္ခာကျမယ်။ စောင့်နေတဲ့ လိုင်းကားကလည်း မလာသေး၊ အငှားကားနဲ့သွားပြန်ရင်လည်း ပိုက်ဆံက မလုံလောက်။ ဒီအချိန်မှာပဲ မိုးကရုတ်တရက် ရွာချ။ ထီးကလည်းမပါ။ အချိန်မီတင်ရမယ့် စာရွက်တွေက မိုးစိုကုန်ရင် ဒုက္ခ။ ကဲ! ဒီပုဂ္ဂိုလ်ရဲ့ စိတ်လှုပ်ရှားမှု အနေအထား ဘယ်လို ဖြစ်နေမလဲ?