ရဲစွမ်းသတ္တိစိတ်
- မိမိဘ၀ကို မိမိ တန်ဖိုးထားတဲ့သူ။ မိမိသိက္ခာကို ဘာ့ကြောင့်ပဲဖြစ်ဖြစ်၊ ဘယ်သူ့ကြောင့်ပဲဖြစ်ဖြစ် အပွန်းအရှမခံတဲ့သူမျိုး။ မိမိ ဘ၀တိုးတက်ဖို့အတွက် ဘယ်လိုအခက်အခဲကိုပဲဖြစ်ဖြစ် အမှန်တရားအတိုင်း ရင်ဆိုင်မယ်လို့ ဆုံးဖြတ်ထားတဲ့သူတွေဆီမှာ ရှိနေတဲ့ စိတ်အဆင့်။
ရဲတင်းသောစိတ်
- မိမိဘက်က မှန်တယ်လို့ ယူဆထားတဲ့နေရာမှာ ပြောရဲ၊ ဆိုရဲ၊ လုပ်ရဲ၊ ကိုင်ရဲတယ်။ ဂရုမစိုက်တတ်ဘူး။ ဂါရ၀တရားကို ခဏ မေ့ထားလိုက်တယ်။ ဒါပေမယ့် ရိုးသားတယ်၊ မလိမ်တတ်ဘူး၊ မညာတတ်ဘူး။ ရဲတင်းခြင်းစိတ်ဆိုတာကလည်း သူ့အတွက် အထူးအဆန်း မဟုတ်ဘူး။ ဟန်ဆောင်ပြီး လုပ်ယူနေတာမျိုးလည်း မဟုတ်ဘူး။ သူရဲ့စရိုက်ကိုက ရဲတင်းတဲ့စိတ်ဖြစ်နေတာ။
ရဲဘော်ရဲဘက်စိတ်
- သူနာတယ်၊ ကိုယ်နာတယ် မရှိဘူး။ အရာရာဟာ အညီအမျှပဲ။ ဘယ်လိုဒုက္ခရောက်ရောက် အေးအတူပူအမျှပဲ။ ဘယ်လောက် ချမ်းသာ ချမ်းသာ အေးအတူပူအမျှပဲ။ တစ်ခုတည်းသော စိတ်နဲ့ အသက်ရှင်နေကြတဲ့ တကယ့် ရဲဘော်ရဲဘက်တွေရဲ့ စိတ်အစစ်။ ဒီစိတ်မျိုးက ရှိတော့ရှိတယ် ရှားတယ်။
ရဲရင့်သောစိတ်
- သူရဲကောင်း၊ အာဇာနည်တွေရဲ့သွေးက နီရဲပြီး ရဲရင့်တယ်။ သူရဲကောင်း၊ အာဇာနည်တွေရဲ့ စိတ်က ရဲရဲတောက်နေတယ်။ သူရဲကောင်း၊ အာဇာနည်တွေရဲ့ သတ္တိက ရဲဝံ့တယ်။
ရောထွေးသောစိတ်
- တစ်စုံတစ်ရာနဲ့ ပူးပေါင်းတဲ့သဘောမျိုး ပါဝင်နေတဲ့ ရောထွေးစိတ်၊ ရောနှောစိတ်၊ ရောပြွမ်းစိတ်၊ ရောယှက်စိတ်တွေဟာ တစ်ခုတည်း သီးသန့်ကွဲပြားပြီး ခွဲထွက်တာမျိုး မဟုတ်လို့ တန်ဖိုးလျော့နေတဲ့စိတ်။
ရော်ရမ်းစိတ်
- သေချာရေရာမှုမရှိတဲ့ အရာတစ်ခုကို စိတ်ကူးနဲ့မှန်းဆနေလို့ တိတိကျကျ မဖြစ်တဲ့ စိတ်အပျော့စား။
ရိုကျိုးစိတ်
- ရိုသေလေးစားတဲ့အဆင့်မှာ နေရာပေးထားတဲ့ မိဘ၊ ဆရာ၊ ပညာရှိတွေရဲ့ အဆုံးအမ၊ အပြောအဆို၊ စည်းကမ်းဥပဒေ၊ သတိပေး တားမြစ်ချက်တွေကို တစ်သဝေမတိမ်း၊ ရိုရိုကျိုးကျိုး၊ ရိုရိုသေသေ လိုက်နာတဲ့ ပညာယူသူရဲ့ ရိုသေကိုင်းရှိုင်းစိတ်။
ရိုးသားတဲ့စိတ်
- ဒီစိတ်အမျိုးအစားရဲ့ အဓိပ္ပာယ်အစစ်က ရိုးသားခြင်း၊ ဖြောင့်မတ်ခြင်း၊ တည်ကြည်ခြင်းတွေ ပါဝင်နေတယ်။ ဒါပေမယ့် ဒီနေ့ခေတ်မှာ ခေတ်ကြောင့် ဒီရိုးသားတဲ့စိတ်က ရှာလို့ တွေ့နိုင်ပါတော့မလား? တဲ့။ တချို့ကတော့ ရယ်စရာအဖြစ် ပြောကြတာရှိတယ်။ လူရိုးဆိုတာ သင်္ချိုင်းမှာပဲ ရှိတယ်တဲ့။
ရိုးတိုးရိပ်တိပ်စိတ်
- သိသာထင်ရှားစွာ မဟုတ်ဘဲ၊ မသိမသာဖြစ်ပြ၊ ဖော်ပြသွားတာကို သတိထားနေလို့ သိလိုက်ရလိုက် စိတ်အမျိုးအစား တစ်ခု။ သိအောင် သိကြည့်နေတဲ့အခါတွေမှာ တစ်ခါတလေ ရိုးတိုးရိပ်တိပ် သိခွင့်ရလိုက်တဲ့ စိတ်အမျိုးအစား။ စောင့်ကြည့်သိမှတ်မှု အားကောင်းလာရင်တော့ ရိုးတိုးရိပ်တိပ် အဆင့်ကနေ သိသာထင်ရှားတဲ့အသိအစစ်ကို ထင်ထင်ရှားရှား တွေ့မြင်၊ သိမြင်နိုင်တယ်။
ရိုးတိုးရွတစိတ်
- စင်ပေါ်မှာသီချင်းဆိုနေတဲ့သူ၊ တီဗွီဖန်သားပြင်မှာ မြင်ရတဲ့သူ၊ တစ်ယောက်နဲ့တစ်ယောက်က အဝေးကြီး ဖြစ်နေပေမယ့် မြင်ရ၊ ကြားရတဲ့ အာရုံနဲ့ စိတ်ကိုလာထိတာက တစ်ဆင့် နေမထိ ထိုင်မသာ ဂနာမငြိမ် လှုပ်ရှားသွားတဲ့စိတ်။
ရိုးဖြောင့်သောစိတ်
- ရိုးသားတယ်။ စိတ်ကတစ်ဖြောင့်တည်းပဲ ထားထားတယ်။ အဲဒီရိုးသားမှုနဲ့ ဖြောင့်မတ်မှုကို ဘာအကြောင်းကြောင့်မှ အထိအပွန်း မခံဘူး။ ပြဿနာဖြစ်လာရင် မိမိရဲ့ ရိုးသားမှုနဲ့ ဖြောင့်မတ်မှုကိုပဲ သက်သေအဖြစ် ထုတ်ပြပြီး ဖြေရှင်းတဲ့ စိတ်ဂုဏ်သိက္ခာ။