ရတက်မအေးစိတ်
- တရားတွေနာနေပေမယ့် စိတ်က မချမ်းသာဘူး ဖြစ်နေတယ်။ ပူပင်ကြောင့်ကြစရာတွေက တစ်ခုပြီးတစ်ခု မကုန်နိုင်ဘူး ဖြစ်နေတယ်။ အဲဒါဆိုရင် မှန်ရှေ့မှာရပ်ပြီး မိမိကိုယ်ကို မိမိမေးကြည့်ပါ။ ဘာကိုစိတ်ပူနေတာလဲ? ရတက်မအေးဖြစ်နေတဲ့ အကြောင်းရင်းက ဘာလဲ? မိမိအတွက် ရတက်မအေး ဖြစ်နေတာလား? မိမိမဟုတ်တဲ့ တခြားသူတစ်ပါးကို ရတက်မအေး ဖြစ်နေတာလား? မိမိ ရတက်မအေး ဖြစ်နေတာကိုရော မိမိရတက်မအေးဖြစ်တဲ့သူတွေက သိပေးကြရဲ့လား? မိမိရတက်မအေးဖြစ်ပေးလို့ မိမိရတက်မအေးဖြစ်တဲ့သူတွေက အဆင်ပြေသွားကြလား? ရတက်မအေး ဖြစ်နေတဲ့အကြောင်းက ဘယ်လောက်ကြီးကျယ်လဲ? ဘယ်လောက်အရေးကြီးလဲ? စာရွက်ပေါ်မှာ ချရေးပြီး ဖြေရှင်းကြည့်ပါ။ စာရွက်ပေါ်မှာ ချရေးပြီးတဲ့အခါမှာ ရတက်မအေး ဖြစ်နေရတဲ့အကြောင်းအရာက လျော့ကျ နေတာကို သတိထားမိ သွားလိမ့်မယ်။
ရမယ်ရှာစိတ်
- မကျေမနပ်ဖြစ်တဲ့သူကို ပြဿနာတက်စေချင်လို့ အပင်ပန်းခံ ရမယ်ရှာပြီး ချောက်တွန်းဖို့ ခွင်ဆင်နေတဲ့စိတ်။ (ရမယ်ရှာနေတဲ့ တစ်ချိန်လုံးမှာ သူတစ်ပါးက ပြဿနာမတက်ခင် မိမိကအရင် စိတ်ပင်ပန်းနေလိမ့်မယ်။)
ရယူလိုစိတ်
- ရယူလိုတဲ့စိတ်နဲ့ ဘာကိုအလိုရှိလဲလို့မေးရင် မိမိအနေနဲ့ ရယူလိုတဲ့အရာက သံသရာမှာကျင်လည်တာ ဒီဘ၀ နောက်ဆုံး ဖြစ်ချင်တယ်။ မသေခင် လက်ကျန်အချိန် တစ်လျှောက်လုံးလည်း ဘ၀အသစ် တစ်ဖန် ပြန်မဖြစ်တော့တဲ့ ကျင့်နည်းအမှန်အတိုင်း အဆက်မပြတ် သိကျင့်နိုင်ချင်တယ်။ အသင်တို့ရဲ့ ရယူလိုတဲ့ စိတ်ကရော ဘာဖြစ်မလဲ?
ရာဂစိတ်
- ကာမဂုဏ်အာရုံတွေထဲက အတွေ့အာရုံအပေါ်မှာ အလွန်အမင်း လိုလားတောင့်တပြီး ဆန့်ကျင်ဘက် လူသားအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် တပ်မက်စွဲလမ်း ငြိတွယ်မှု လွန်ကဲနေတဲ့ စိတ်အဓိပ္ပာယ်။
ရာသက်ပန်စွန့်လွှတ်စိတ်
- လွန်ခဲ့တဲ့အနှစ် နှစ်ဆယ်ကို ပြန်တွေးကြည့်လိုက်ပါ။ မိမိဘ၀မှာ စွန့်လွှတ်ခဲ့ရတာတွေ အများကြီးပါပဲ။ ငယ်ငယ်တုန်းက အခင်ဆုံး သူငယ်ချင်းတွေ၊ နေခဲ့တဲ့ကျောင်းနဲ့ စာသင်ပေးတဲ့ ဆရာ၊ ဆရာမတွေ၊ သံယောဇဉ် ငြိတွယ်သလိုလို ဖြစ်ခဲ့တဲ့ သူတွေ စသဖြင့်ပေါ့။ ဒါတွေကို မိမိဘက်က စွန့်လွှတ်ခဲ့တာမဟုတ်ဘဲ သဘာဝက စွန့်လွှတ်တာကို မိမိဘက်က ခံလိုက်ရတာပဲ။ မိမိအနေနဲ့လည်း ဘ၀ရဲ့တိုးတက်ရာ တိုးတက်ကြောင်းတွေ ရှာဖွေလုပ်ကိုင်နေရတာနဲ့ မိမိနဲ့ပတ်သက်သမျှ စွန့်လွှတ်ခဲ့ရတာတွေကို သတိမထားမိခဲ့ဘူး။ သွားရင်းလာရင်း အမြဲတမ်းလိုလို ကြုံတွေ့နေရတဲ့ မိမိပတ်ဝန်းကျင် ထဲမှာလည်း သေခြင်းတရားရဲ့ အဆုံးစီရင်ချက်အရ ပိုင်ဆိုင်သမျှ ဘာကိုမှ ယူသွားခွင့်မရဘဲ အကုန်လုံး စွန့်လွှတ်ခဲ့ရတာတွေ အများကြီးပဲဆိုတာ သတိမထားမိခဲ့ကြဘူး။ ဒီသဘာဝ သဘောတရားကို ကိုယ်တိုင်ကိုယ်ကျ လက်တွေ့ အသိထဲမှာ ထဲထဲဝင်ဝင် လက်ခံသွားတဲ့အထိ အားထုတ်နိုင်ရင်တော့ အဲဒီ စွန့်လွှတ်ခြင်းဆိုတာ အထူးအဆန်း မဟုတ်တော့ပါဘူး။ ရာသက်ပန် စွန့်လွှတ်နိုင်ဖို့ အတွက် ပထမဆုံး စွန့်လွှတ်ရမှာကတော့ မိမိစိတ်ထဲမှာ အမြဲတမ်း ရှိနေတတ်တဲ့ ခံစားမှုပဲ။
ရိသဲ့သဲ့စိတ်
- တစ်ဘက်သားရဲ့စိတ်ကို လှုပ်လှုပ်ရှားရှားဖြစ်အောင် ရည်ရွယ်ပြီး တစ်စုံတစ်ရာ ပြောဆိုပြုလုပ်တဲ့ စိတ်အနေအထား။