(၁၅) အဆုတ်
ခန္ဓာကိုယ်ထဲမှာ သားမြတ်နှစ်ခုရဲ့ ကြားထဲက နှလုံးနဲ့အသည်းကို ဖုံးအုပ်ထားတယ်တဲ့!
ပုံစံက တွဲလွဲဆွဲထားသလိုပဲတဲ့။
အဆုတ်နဲ့ပတ်သက်ပြီး ရင်ဘတ်အောင့်လို့ ဓာတ်မှန်ရိုက်တော့ အဆုတ်ရဲ့အပေါ်ပိုင်းမှာ မှိုတက်သလို (ဖူဂျီယာမာတောင်ထိပ်မှာ ရေခဲတွေ ဖုံးနေသလိုမျိုး) အနေအထားကြောင့် အဆုတ်အအေးမိတာလို့ ဆရာဝန်က မှတ်ချက်ချတယ်။
အဲဒီမှာ ဘယ်လိုစကားတွေ ကားထွက်တယ်မသိဘူး။ အဆုတ်ကင်ဆာ ဖြစ်နေပြီတဲ့၊
သေခါနီးနေပြီတဲ့။
ကောလာဟလသတင်းတွေ၊ ကာယကံရှင်ဆီ ပြန်ရောက်လာတဲ့အချိန်မှာ မိမိကိုယ်မိမိ မေးခွန်းထုတ်ကြည့်တယ်။
သေမယ်ဆိုရင် အဆင်သင့်ဖြစ်ပြီလား? ပေါ့။
ပြင်ဆင်ထားတယ်လို့! မိမိဖြေခဲ့တဲ့စကားကို စာရေးဆရာကြီး နန္ဒာသိန်းဇံကို ပြောပြတော့..
သတိပေးဖူးတာလေး သတိရတယ်။
သေဖို့ပြင်ဆင်ထားရဦးမယ်ဆိုတဲ့ စိတ်ကို သေသေချာချာ စစ်ကြည့်ဦး။
လုပ်မှဖြစ်မယ်ဆိုတဲ့ အဓိပ္ပာယ်ထဲမှာ အစွဲပါးပါးလေး ပါနေတတ်တယ်နော်! တဲ့။
(၁၆) အူမ
လည်မျိုကစပြီး စအိုဝမှာ ဆုံးတယ်တဲ့။ အူမခွေဟာ ယောက်ျားဆိုရင် ၃၂တောင် ရှိတယ်။
မိန်းမဆိုရင် ၂၈တောင် ရှိတယ်တဲ့။ ၂၁ခွေသော နေရာတွေမှာ တွန့်နေ၊ ခွေနေတဲ့သဘောအဖြစ် တည်ရှိတယ်တဲ့။
အူနဲ့ပတ်သက်တဲ့ အနာတစ်ခုခုကြောင့် အူကို ဖြတ်ပြီး ပြန်ဆက်လို့ တိုသွားရင် အူကတော့ မသိရှာဘူးတဲ့။
ကာယကံရှင်ကသာ အူကိုဖြတ်ပြီး ပြန်ဆက်တဲ့ ကုထုံးကြောင့် အူနဲ့ပတ်သက်တဲ့ ခံစားမှု သက်သာသွားတယ်တဲ့။ ဒါပေမယ့် အချိန်ကြာသွားတဲ့အခါမှာ ဆရာဝန် “သတိ ”ပေးထားတဲ့ ရှောင်ရန်တွေကို မေ့ပြီး လုပ်မိလို့ အူမှာ အနာပြန်ဖြစ်ပြီး ဆုံးသွားတယ်တဲ့။
(၁၇) အူသိမ်
၂၁ရာစုသော အူမခွေတွေရဲ့ ကြားထဲမှာ ချုပ်စပ်ပြီး တည်ရှိတယ်တဲ့။
(၁၈) အစာသစ်
စားစရာမှန်သမျှ ပါးစပ်ထဲရောက်တဲ့အခါမှာ သွားက ၀ါးပေးတယ်။
လျှာက တံတွေးနဲ့ သွားရည်တွေနဲ့ ရောပြီး အရသာခံတယ်။ ပြီးတော့ မျိုချတယ်။
အစာသစ်အိမ်က ကျလာတဲ့ အစားအစာမှန်သမျှ အားလုံးဟာ ခန္ဓာကိုယ်အာဟာရဖြစ်ဖို့ ခန္ဓာကိုယ်ထဲက သက်ဆိုင်ရာ အစိတ်အပိုင်းတွေကို အထောက်အပံ့ဖြစ်ဖို့၊
အသွေးအသားဖြစ်ဖို့၊ ကျင်ငယ်ဖြစ်ဖို့၊ ကျင်ကြီးဖြစ်ဖို့ လိုအပ်သလို ပြောင်းရွှေ့သွားစေတယ်တဲ့။
အချိန်တန်လို့ အစာသစ်ထည့်မပေးရင်..
အစာအိမ်မှာ အနာဖြစ်စေတယ်တဲ့။
အဲဒီအစာအိမ်ကို အစာကျွေးရတဲ့ ကိစ္စကလည်း မွေးလာကတည်းက ဘယ်လောက်ကျွေးကျွေး မ၀နိုင်တာ သေတဲ့အထိပဲ။
သမုဒ္ဒရာ ၀မ်းတစ်ထွာတဲ့။ တစ်ထွာလောက်ပဲရှိတဲ့ အစာအိမ်ကို သမုဒ္ဒရာနဲ့ နှိုင်းယှဉ်လိုက်တာပဲ။