(၁၉) အစာဟောင်း

ပါးစပ်ထဲရောက်လာတဲ့အစာကနေ အဆင့်ဆင့် ပြောင်းရွှေ့သွားတဲ့ အနေအထားကတော့

စားလိုက်တဲ့အစာကို သွားက၀ါးပေးတယ်။

ဝါးနေတုန်း တံတွေးမှာပါတဲ့ အစာခြေရည်ဟာ အစာကပါလာတဲ့ ကစီဓာတ်တစ်မျိုးကို ဓာတ်ပြောင်းပေးပြီး သကြားဓာတ် ဖြစ်စေတယ်။

ကြေညက်သွားတဲ့ အစာတွေကို ပါးစပ်ထဲမှာရှိတဲ့ လေနဲ့ဖိပေးပြီး မျိုချလိုက်လို့ ကိုးလက်မလောက်ရှည်တဲ့ အစာရေမျိုပြွန်က တစ်ဆင့် အစာအိမ်ထဲရောက်တယ်။

အစာအိမ်၊ အူသိမ်၊ အသည်း၊ သရက်ရွက်တွေက ထုတ်တဲ့ အစာခြေရည်တွေက အစာထဲမှာပါတဲ့ ကစီဓာတ်၊ အသားဓာတ်နဲ့ အဆီဓာတ်တွေကို အဆင့်ဆင့် ပြောင်းလဲမှုတွေ ဖြစ်စေပြီး ခြေဖျက်ပေးတယ်။

အစာအိမ်၊ အူသိမ်၊ အူမတို့ရဲ့ လှုပ်ရှားမှုတွေဟာ အစာတွေနဲ့ အစာခြေရည်တွေကို ရောနှောပေးရုံ မကဘူး၊ အစာတွေကို အစာအိမ်လမ်းကြောင်းရဲ့ နောက်ဘက်ကို တဖြည်းဖြည်း ရွေ့လျားသွားစေတယ်။

ပြောင်းလဲမှုတွေ ဖြစ်ပြီးသွားတဲ့ အစာထဲမှာပါတဲ့ သြဇာဓာတ်နဲ့ရေကို အူသိမ်နံရံမှာရှိတဲ့ ကလာပ်စည်းတွေက စုပ်ယူပြီး သွေးထဲကို ပို့ပေးတယ်။

ကျန်တဲ့ အစာတွေက အူရဲ့ နောက်ဘက်ကို တဖြည်းဖြည်းရွေ့ပြီး အူမကြီးကတစ်ဆင့် ကိုယ်ခန္ဓာ အပြင်ဘက်ကို မစင်အဖြစ် ထုတ်ပေးလိုက်တယ်။

အစာဟောင်းလို့ခေါ်တဲ့ မစင်(အညစ်အကြေး/ ကျင်ကြီး) ဟာ လက်ရှစ်သစ်လောက်ရှိတဲ့ အစာကျက်တည်ရာ (အစာဟောင်းအိမ်လို့ ခေါ်တယ်)။ အူမရဲ့ အဆုံးပိုင်းမှာ တည်ရှိတယ်တဲ့။

ကျင်ကြီးအိမ်ထဲမှာ အစာဟောင်း ကျင်ကြီးတွေ ပြည့်လာတဲ့အခါမှာ ကျင်ကြီး စွန့်ချင်တဲ့အနေအထား ဖြစ်ပေါ်လာပြီး အိမ်သာထဲ ၀င်ရတဲ့ အခြေအနေ ဖြစ်ပေါ်လာတယ်တဲ့။

အလွန်မွှေးကြိုင်ပြီး အနံ့အရသာနဲ့ ပြည့်စုံတဲ့အစာတွေ

ပါးစပ်ထဲဝင်လာပြီး စအိုက ပြန်ထွက်တဲ့အချိန်မှာ အလွန်ဆိုးရွားတဲ့

အနံ့အဖြစ် ပြောင်းရွှေ့သွားတာ ထူးဆန်းတယ်။ ညစ်ပေပုပ်ပွတဲ့

မစင်အဖြစ် ပြောင်းရွှေ့သွားတာ ထူးဆန်းတယ်။

အစာစားပြီးတဲ့ လူတစ်ယောက်က

လုပ်စရာရှိတာ လုပ်နေတဲ့ အချိန်မှာ ပါးစပ်ထဲဝင်သွားတဲ့

အစာကလည်း ခန္ဓာကိုယ်အတွင်းမှာ မစင်အဖြစ်

ပြောင်းရွှေ့သွားတဲ့အထိ အဆက်မပြတ် အလုပ်တွေ

လုပ်နေကြတယ်။

(အဲဒီ ခန္ဓာကိုယ်အထဲက အင်္ဂါအစိတ်အပိုင်းတွေ သူ့အလုပ်သူ လုပ်နေကြတဲ့ အထဲမှာ ငါ ဆိုတာကြီးက မပါဘူး။)

ကျင်ကြီးစွန့်ချင်တဲ့ အချိန်မှာ အကြောင်းအမျိုးမျိုးကြောင့်

မစွန့်ဖြစ်သေးရင်

အလွန်တရာ ပုပ်သိုးနေတဲ့ အညစ်အကြေးတွေဟာ

မိမိနဲ့အတူ ခန္ဓာကိုယ်ထဲမှာ

ရှိနေသေးတဲ့ အနေအထားကို တွေးကြည့်ရင် ရွံစရာကြီး

(မစွန့်ဖြစ်သေးတဲ့ အချိန်မှာ ဘယ်စိတ်က ထိန်းချုပ်ပေးထားတာလဲ?

စွန့်ပစ်တော့လို့ ဆုံးဖြတ်လိုက်တာနဲ့ လုပ်ဖြစ်သွားအောင် တိုက်တွန်းတာ ဘယ်စိတ်လဲ? )