စိတ်ကူးကြံစည်တွေးတောခြင်း
ဒါက စိတ်အလုပ်၊
မြင်သမျှ၊ ကြားသမျှ၊ ထိတွေ့သမျှ အာရုံတွေနဲ့ ပတ်သက်ပြီး စိတ်ကူး တွေးတော ကြံစည်တာ။
ဖြစ်ခဲ့ပြီးတဲ့ အတိတ်က ဇာတ်လမ်းကိစ္စတွေ၊
မဖြစ်သေးတဲ့ အနာဂတ်ကာလကို မျှော်လင့်နေတာတွေ၊
ဖြစ်ချင်နေတဲ့ ကိစ္စတွေကို “အတွေး” ဆိုတဲ့ အာရုံက သူ့အလုပ်သူ လုပ်တာ။
မြင်သမျှ၊ ကြားသမျှတွေနဲ့ ပတ်သက်တဲ့ အာရုံတစ်ခုပေါ်လာတာနဲ့
ခံစားစိတ်၊ မှတ်သားစိတ်၊ သိတဲ့စိတ်၊ လှုံ့ဆော်တိုက်တွန်းတဲ့စိတ်တွေက စုပြုံရောက်ရှိလာပြီး
ရှိသမျှ အစွမ်းတွေ ထုတ်ပြကြတော့တာပဲ။
အသိနဲ့ သတိစိတ်ရဲ့ ထိန်းချုပ်မှု မရမချင်း
အလှည့်ကျ တစ်ခုပြီးတစ်ခု အစွမ်းတွေပြနေကြတော့ အတွေးထဲမှာ မျောချင်သလို မျောနေရောပဲ။
အာရုံနဲ့စိတ် စိတ်ချင်းအဆက်အသွယ်ရပြီး လျင်မြန်လွန်းတဲ့ စိတ်ရဲ့အလျဉ်တွေထဲမှာ…
ငါဆိုတဲ့ အဆင့်လောက်နဲ့ ပါလို့ကို မရနိုင်ဘူး။
ငါဆိုတာကြီးက စိတ်အလျဉ်ကို ဘယ်လိုမှလည်း လိုက်လို့မမှီနိုင်ဘူး။
မြင်ခြင်းကိစ္စမှာ မျက်စိက မြင်လိုက်တာနဲ့ ဘယ်သူဘယ်ဝါအဆင့်ထိ ရောက်သွားပြီ။
အသံကြားတာနဲ့ ဘယ်သူ့အသံပေါ့ ဆိုပြီး ဆုံးဖြတ်ချက်က ချပြီးသွားပြီ။
အာရုံတွေကြောင့် ဖြစ်ပေါ်လာသမျှတွေဟာ အတွေးအာရုံအဖြစ် ပြောင်းရွှေ့ရောက်သွားပြီး စိတ်ကူးနဲ့ မျောပါသွားတဲ့အထိ ဖြစ်သွားပြီ။
ငါဆိုတဲ့အဆင့်လောက်နဲ့ ဒီစိတ်ရဲ့အလျဉ်ထဲမှာ ဘယ်လိုမှ မပါနိုင်ဘူး။
အာရုံတွေကို ထိန်းချုပ်ပေးနိုင်တဲ့ အသိဉာဏ်ပညာ ရှိမှရမှာ။
သတိထားပြီး တည်ဆောက်ထားလို့ ခိုင်မာတည်ကြည်တဲ့ အသိဉာဏ်ပညာတွေရှိမှသာ သိနိုင်မှာ။
အသိနဲ့ သတိမရှိလို့ကတော့ မမြင်ရပေမယ့် ရှိနေတဲ့စိတ်တွေရဲ့ တိုက်ခိုက်ညှင်းဆဲ နှိပ်စက်တာတွေကို ခံနေရမှာပဲ။
အသိဉာဏ်ရရှိဖို့ကတော့ သတိထားပြီး သိတဲ့အသိ အဆင့်တွေ တိုးတက်အောင် တည်ဆောက်ရမှာ။
အဲဒီအသိနဲ့ သတိဆိုတာလည်း ငါမဟုတ်ဘူး။