မျက်စိ
မျက်စိရဲ့ သဘောက မြင်စရာရှိတာတွေကို မြင်တယ်။
မြင်ခြင်းကိစ္စက မျက်လုံးနှစ်လုံးရဲ့အလုပ်
ဒါပေမယ့် မျက်စိက မြင်ရုံပဲ မြင်တာ
မျက်စိအကြည်လွှာကြောင့်သာ မြင်တဲ့အရာကို မြင်တာ။
မြင်မှန်းသိတာ မြင်သိစိတ်။
မျက်စိက မြင်မြင်ချင်း ဘယ်သူဘယ်ဝါ ချက်ချင်း သိတာမဟုတ်ဘူး။
မျက်စိရယ်၊ မြင်ရတဲ့အရာရယ်၊ မြင်သိစိတ်ရယ် စုပေါင်းအလုပ်လုပ်လို့
မြင်သိစိတ်ရဲ့ စိတ်သဘာဝကို အလျဉ်သဘောက အဆင့်ဆင့်ပြောင်းရွှေ့ပြီး ဘယ်သူဘယ်ဝါလို့ ဖြစ်ပေါ်လာတာ။
မျက်စိရှိလို့ မြင်တဲ့ကိစ္စမှာ သဘာဝအရ မျက်စိက သူ့အလုပ်သူလုပ်လို့ မြင်စရာရှိတာကို မြင်တာ။
ဒီသဘာဝထဲမှာ ငါဆိုတာ မပါဘူး။
မျက်စိရှိလို့ မြင်ရတဲ့သဘာဝထဲမှာ ငါဆိုတာ
ဘယ်လိုကဏ္ဍထဲမှာမှ မပါဘူး
ဆိုတာကို လူတော်တော်များများက သေသေချာချာ မသိကြဘူး။
မျက်စိရဲ့ မြင်ခြင်းကိစ္စ သဘာဝကို မသိတော့ မြင်မြင်သမျှအရာရာကို ငါမြင်တာ ဆိုပြီး သတ်မှတ်လိုက်တာဟာ
အကြီးဆုံးသော အမှားကို အမှတ်မှား၊
အသိမှားပြီး ကျူးလွန်လိုက်တာပဲ။
ဒီလို မြင်တိုင်း မြင်တိုင်း ငါမြင်တယ်ဆိုတဲ့ ဖြစ်စဉ်ကို ထပ်မံလေ့လာကြည့်ရင် မျက်စိဆိုတာ ပဋိသန္ဓေအဖြစ်
ရှိပြီးတဲ့နောက်မှာ ခန္ဓာကိုယ်နဲ့တူတူ ပါလာတဲ့ပစ္စည်း။
မျက်စိရှိလို့ မြင်စရာရှိတာကို မြင်ကြတာဟာ သဘာဝ၊
ဒါကို လူသားအဖြစ် လောကထဲကို ရောက်လာတဲ့အချိန်တည်းက မိခင်နဲ့ ကလေးကြားမှာ ငါ့ကလေးက ငါ့ကို ကြည့်နေတယ်။ ကလေးကလည်း ငါ့အမေကို ငါမြင်တယ်ဆိုပြီး ခံစားတဲ့စိတ်၊ လှုံ့ဆော်တဲ့စိတ်၊ မှတ်သားတဲ့စိတ်၊ သိတဲ့စိတ်တွေ အကုန်လုံး စုပြုံရောက်ရှိပြီး သတ်မှတ်မှုကို အတည်ပြုကြတယ်။
သဘာဝကြောင့် မြင်တဲ့ သဘာဝတရားက ပျောက်သွားတယ်။ သဘာဝကို သတိပေးမယ့် လူမရှိသလို၊ သတိလည်း မထားခဲ့ကြတော့ ငါမြင်တာကြီးက အစွဲဖြစ်သွားတော့တယ်။