(၃) မကောင်းမှုကို ပြုလုပ်ဖို့ မကြောက်လန့်တဲ့သဘော၊ မကောင်းမှု ဆိုးကျိုးတွေကို ကြောက်စရာလို့ မမြင်ဘဲ ရဲရဲဝံ့ဝံ့ ပြုလုပ်နေခြင်းသဘော မကြောက်လန့်တဲ့သဘော အနောတ္တပ္ပ စိတ်စေတသိက်
“ပိုးပရန်မျိုး မီးကိုတိုး
ကိုယ်ကျိုးနည်းလိမ့်မည်” ဆိုတဲ့ စကားပုံကို စကားပြေ ဖော်ကြည့်ရင် အလွန်ပူပြင်းတဲ့ မီးတောက်ထဲကို
မကြောက်မရွံ့၊ ရဲရဲဝံ့ဝံ့ ၀င်တိုးရင်း သေဆုံးကြရတဲ့ ပိုးကောင်လေးတွေလို့ သိလို့ရနိုင်တယ်။
ဒုက္ခဖြစ်စရာတွေကိုလည်း မောဟရဲ့ မသိတတ်မှုတွေက ဖုံးထားတော့ အနောတ္တပ္ပ စေတသိက်က ကြောက်စရာလို့
မမြင်စေတော့ဘဲ၊ ဒုက္ခဖြစ်ကြောင်း အလုပ်တွေ အကုန်လုံးကို မကြောက်မရွံ့ ကျူးလွန်နေကြတော့တာပဲတဲ့။
မသိတတ်ခြင်း စေတသိက်တွေ ဖုံးပြီး အရှက်မရှိ ဖြစ်လာရာကနေ ဘာကိုမှမကြောက်တဲ့ အဆင့်ထိ ရောက်သွားပြီဆိုရင်တော့
လောင်စာဖြစ်တဲ့ ခန္ဓာကိုယ်ရှိသူ လူသားတွေဟာ ကာမဂုဏ်အာရုံအကုန်လုံးကို မကြောက်မရွံ့ အငမ်းမရ ပျော်ပျော်ကြီး ၀င်တိုးကြရင်း ပိုးကောင်လေးတွေလို မီးလောင်ကျွမ်းခံကြရမှာပဲ။
ကြောက်စရာကိစ္စကို ကြောက်စရာအဖြစ် လက်ခံထားတဲ့သူတွေလည်း မရှက်ခြင်း၊မကြောက်ခြင်း စေတသိက်တွေ ၀င်လာပြီဆိုရင်တော့ ထိန်းထားတဲ့ သတိတွေ၊ အသိတွေ ပျောက်ပြီး မလုပ်သင့်တာကို မရှက်မကြောက်လုပ်မိကြမှာပဲ။
လုပ်မိပြီဆိုရင်တော့…..
သတိစိတ်ဝင်လာလို့ ရပ်လိုက်တောင်မှ နောက်ကျသွားပြီ
ထိန်းချုပ်ထားတဲ့ကြားက ကျူးလွန်ပြီးသွားပြီ။
စိတ်ကို ခြယ်လှယ်နေတဲ့ စေတသိက်ရဲ့သဘောတွေကိုက စိတ်ကို စိတ်က ဖျက်ဆီးနေတာပဲ။
အဲဒီ သဘောတရားတွေက အသက်ရှင်နေသမျှ တစ်ချိန်လုံး ဖြစ်နေကြတာ။
သတိတစ်ချက်လွတ်တာနဲ့ ငြိမ်ဝပ်နေတဲ့စိတ်က ထကြွနေတဲ့စိတ်ကို ပူးပေါင်းပြီး
လှုံ့ဆော်တိုက်တွန်းတဲ့စိတ်က မြှောက်ပေးတယ်ဆိုရင် အရှက်အကြောက် မရှိတော့ဘူး။
စိတ်သုံးခုက အချိန်ခဏလေးအတွင်းမှာ တစ်ခုပြီးတစ်ခု အကောင်အထည်ဖော်သွားတာ။
ကျူးလွန်ပြီးသွားတဲ့အထိကို ဆက်တိုက်ပဲ။
သတိပြန်ဝင်တဲ့အချိန်မှာ နောက်ကျသွားပြီ။
အရာရာဟာ ဆုံးရှုံးနစ်နာမှုတွေ၊ အရှက်တကွဲ၊ အကျိုးနည်းမှုတွေ အကုန်လုံးဖြစ်ကုန်တော့တာပဲ။