စိတ်ကို မကောင်းအောင်ခြယ်လှယ်တဲ့ စေတသိက်များ

(၁) မောဟ

မသိတတ်ခြင်း သဘော

အဆိပ်ပင်မှာ အဆိပ်သီးတွေကိုပဲ သီးစေနိုင်တဲ့ ဓာတ်သတ္တိပါရှိသလို သတ္တ၀ါတွေရဲ့ သန္တာန်မှာလည်း သိထိုက်တဲ့ တရားတွေကို မသိအောင် ဖုံးကွယ်တတ်တဲ့ ဓာတ်သတ္တိတစ်မျိုး ပါရှိတယ်တဲ့။

အဲဒီဓာတ်သတ္တိကို အနုသယမောဟလို့ ခေါ်တယ်။ ငြိမ်ဝပ်ခြင်း၊ ကိန်းအောင်းခြင်းသဘောကို ဆိုလိုတာတဲ့။

ပရိယုဌာနမောဟဆိုတာက ထကြွခြင်းသဘောတဲ့။

အဲဒီ အနုသယမောဟရဲ့ ဖုံးကွယ်ထားမှုကြောင့် ပုထုစဉ်တွေဟာ အနိစ္စ၊ ဒုက္ခ၊ အနတ္တသဘောတွေကိုလည်း နစ်နစ် နောနော မသိကြဘူးတဲ့။

သစ္စာလေးပါးကိုလည်း ထိထိမိမိ မသိမြင်ကြဘူးတဲ့။

အနုသယမောဟဓာတ်ကို ပုထုဇဉ်တို့ရဲ့ဉာဏ်နဲ့ မသိနိုင်ဘူးတဲ့။

စာပေတွေကို ဖတ်ရှုတဲ့ဗဟုသုတနဲ့ အနိစ္စ၊ ဒုက္ခ၊ အနတ္တဆိုတဲ့ အဓိပ္ပာယ် အတိအကျကို မသိနိုင်ဘူးတဲ့။

သင့်တော်ရုံ ခန့်မှန်းနိုင်တဲ့ အသိမျိုးသာ ဖြစ်တယ်။ ထိုးထိုးထွင်းထွင်း ရှင်းလင်းအောင် သိတဲ့အသိမျိုးတော့ မဟုတ်ဘူးတဲ့။

စိတ်နဲ့တွဲဖက်ပြီး မောဟထကြွလာတဲ့အခါမှာ နဂိုကပညာရှိ သူတော်စင်တွေတောင် အပြစ်ကို မမြင်နိုင်ဘဲ ဒုစရိုက်အမှုကို ပြုမိကြတယ်တဲ့။

မောဟဆိုတာ အကုသိုလ်စခန်းမှာ အလွန်ဆိုးသွမ်း မိုက်မဲတဲ့တရားမျိုး ဖြစ်တယ်တဲ့။

လူ့လောကရဲ့ မိုက်မဲမှုမှန်သမျှဟာ ဒီမောဟအပေါ်မှာပဲ အခြေတည်တယ်တဲ့။

(အရှင်ဇနကာဘိဝံသရဲ့ ကိုယ်ကျင့်အဘိဓမ္မာစာအုပ်မှာ ဖော်ပြပါတယ်။)

မရောက်ဖူးတဲ့နေရာ၊ မသိဖူးတဲ့သူကို မသိတာကတော့ မောဟအစစ်မဟုတ်ဘူးတဲ့။

မသင်ကြားဖူးလို့ မတတ်တာ၊ မသိတာက မှတ်သားဖူးတဲ့ သညာမရှိတာတဲ့။

မိမိရဲ့လေ့လာမှု အစွမ်းအားနည်းနေတာမျိုးပဲ ဖြစ်တာတဲ့။

(၂)အဟိရိက

မရှက်ခြင်းသဘော

စိတ်ကိုမကောင်းအောင် ခြယ်လှယ်တဲ့ စေတသိက်တွေထဲမှာ အယုတ်ညံ့ဆုံး စိတ်အမျိုးအစားပဲ။

မကောင်းတဲ့ အကုသိုလ်အလုပ်ကို လုပ်တဲ့နေရာမှာ မရှက်တဲ့သဘော၊

မရှက်ခြင်းစိတ် စေတသိက်မှာ မောဟရဲ့ မသိတတ်မှုပါ ရောထွေးပြီး ပါဝင်နေပြီဆိုရင်တော့ မရှက်ခြင်းစိတ်က တစ်ဆင့် တက်ပြီး

ကျော်မကောင်း ကြားမကောင်းတဲ့ မှားယွင်းမှုတွေကို အစွမ်းကုန် ကျူးလွန်မိစေတယ်တဲ့။

အပြင်းအထန်၊ ကြမ်းတမ်း၊ စိတ်ဆိုး၊ ဒေါသတွေထွက်ပြီး လူပုံအလယ်မှာ အရှက်မရှိစွာ အော်ဟစ်ဆဲဆိုတတ်တယ်။

နေရာတကာမှာ ဘယ်လိုအဓိပ္ပာယ် ရှိမှန်းမသိတဲ့ အရူးတစ်ယောက်လို ဘ၀င်မြင့် ထောင်လွှား ကြွတက်နေတတ်တယ်။

သူတစ်ပါးကို မတူသလို မတန်သလို အရောမ၀င်ဘဲ စိတ်ကြီးဝင်တဲ့ မာနတွေကြီးထွားနေတတ်တယ်။

တွေ့သမျှလူတွေကို မကောင်းမြင်ပြီး ပြစ်တင်ကဲ့ရဲ့ ဝေဖန်ငြူစူစောင်းမြောင်းနေတဲ့ အမူအရာတွေဟာ မရှက်ခြင်းသဘောတွေပဲတဲ့။