သားနားသောစိတ်
- ကြီးတဲ့သူကို ရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်တဲ့သူကို ညှာတာသနားတတ်တဲ့ မေတ္တာစိတ်။ မိမိအကျိုးဆိုတာ မရှိသလောက် သူတစ်ပါးအကျိုးကိုသာ အကူအညီပေးဖို့ အမြဲတမ်း အဆင်သင့်ဖြစ်နေတဲ့ စေတနာစိတ်။ မပြည့်စုံတဲ့သူတွေဆိုရင်လည်း မိမိတတ်နိုင်သလောက် ချက်ချင်း အကူအညီပေးတတ်တဲ့ ကရုဏာစိတ်။ မေတ္တာ၊ စေတနာ၊ ကရုဏာစိတ်တွေနဲ့ အဆင့်အတန်း မြင့်တဲ့ စိတ်အဆင့်။
သားပုပ်လေလွင့် ပြောတတ်သောစိတ်
- သူတစ်ပါး တိုးတက်တာ၊ အောင်မြင်တာတွေကို မမြင်ချင်၊ မကြားချင်၊ မဖြစ်စေချင်တဲ့ မနာလို ၀န်တိုတဲ့စိတ်။ အဲဒီစိတ်တွေ တဖြည်းဖြည်း အရှိန်တက်လာပြီး ထိန်းလို့မရတဲ့အဆင့်မှာ သူတစ်ပါးကို နာမည်ဖျက်ချင်တဲ့သဘောနဲ့ အဆိုးရွားဆုံး အဓိပ္ပာယ်ဖြစ်စေတဲ့ စကားတွေနဲ့ ဇာတ်လမ်းဆင်၊ ပြီးတော့ တွေ့သမျှလူကို မိမိရဲ့ အချိန်တွေ အကုန်ခံပြီး ပြောတတ်တဲ့ စိတ်အမျိုးအစား။
သိကျွမ်းသောစိတ်
- တစ်ချိန်တစ်ခါက မိမိကိုယ်တိုင် အကျွမ်းတ၀င်၊ မှတ်မှတ်ရရ၊ တွေ့ကြုံသိမြင် ကြားသိခဲ့ဖူးတာကို မမျှော်လင့်ဘဲ ပြန်လည် တွေ့ကြုံတဲ့အခါမှာ ရုတ်တရက် စိတ်ထဲမှာ ပြန်ပေါ်လာတဲ့စိတ်။
သိချင်စိတ်ပြင်းပြနေသောစိတ်
- လူတစ်ယောက် သေခါနီးအချိန်မှာ ဖြစ်ပေးနေရမယ့် စိတ်ပုံစံက ဘယ်လိုမျိုးလဲဆိုတာ အသိချင်ဆုံးထဲက အသိချင်ဆုံး စိတ်တစ်ခုပဲ။ (ဆရာကြီး နန္ဒာသိန်းဇံကတော့ အဲဒီစိတ်က လိုအပ်တာထက် ပိုသွားရင် အစွဲတစ်ခု ဖြစ်သွားတတ်တယ်နော်လို့ သတိပေးဖူးတယ်။)
သိချင်ယောင်ဆောင်သောစိတ်
- ဒုက္ခတွေထဲက တကယ် လွတ်မြောက်ချင်တဲ့ အချိန်မှာ အန္တရာယ်အပေးဆုံး ဖြစ်နေမယ့် စိတ်အနေအထား။
(ဘာဖြစ်လို့လဲဆိုတော့ ဒုက္ခထဲက လွတ်မြောက်ချင်ရင် ဒုက္ခဖြစ်စေတဲ့အကြောင်းတွေကို လုပ်မိနေတဲ့ အမှားကို တကယ် သိပြီး ဖြတ်ပစ်လိုက်မှသာ လွတ်မြောက်မှာလေ။ ခုတော့ တကယ်သိတာ မဟုတ်ဘဲ သိချင်ယောင်ဆောင်တာဆိုတော့ . .)
သိတတ်သောစိတ်
- မိသားစုထဲမှာ၊ လူ့အသိုင်းအ၀ိုင်းထဲမှာ မိမိလုပ်ပေးရမယ့်(လုပ်ကိုလုပ်ပေးရမယ့်)အလုပ်ကို ဘယ်သူကမှ သတိပေးစရာ မလိုဘဲ မိမိအသိနဲ့မိမိ စိတ်ပါဝင်စားစွာ ဆောင်ရွက်လှုပ်ရှားနေတဲ့ စိတ်အမျိုးအစား။
သိမြင်သောစိတ်
- မိမိစိတ်ကို စောင့်ကြည့်သိမှတ်တဲ့ စိတ်လေ့ကျင့်ခန်းကို အဆက်မပြတ် သိကျင့်ကြည့်ရင်း မမြင်ရတဲ့စိတ်ရဲ့ အဖြစ်အပျက် သဘာဝတွေကို ကိုယ်တိုင်လက်တွေ့ သဘောပေါက်ပြီး သိမြင်လာတဲ့ စိတ်အနေအထား။
သိမှတ်နေသောစိတ်
- စိတ်ကိုမမြင်ဖူးပေမယ့် ရှိနေတာကို သိနေမှန်းသိလို့၊ စိတ်ကို စောင့်ကြည့်သိမှတ်ရင်း ထပ်ဆင့်သိလို့ရနေတာက စိတ်တွေရဲ့ တစ်ခုပြီးတစ်ခု အဆက်မပြတ် ဖြစ်လိုက်၊ ပျက်လိုက်ဖြစ်နေတဲ့ သဘာဝ သဘောတရားတွေပဲ။ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဟာလည်း အသစ်ပြီး အသစ်၊ တစ်ခုပြီးတစ်ခု ဆက်တိုက်ပေါ်ပြီး ချက်ချင်းပျက်နေတာတွေကို သိမှတ်ရင်း သိလို့ရနေတယ်။ တစ်ခါတလေ အနှောင့်အယှက် ကင်းတဲ့ အခါမျိုးမှာဆိုရင် သိမှတ်နေတဲ့ အသိရော၊ သိမှတ်နေတဲ့ အာရုံတွေရော၊ အတွဲလိုက် ချုပ်ငြိမ်းသွားတာကို ရုတ်တရက် သိလိုက်လို့ သိစရာအာရုံတွေ ပေါ်မလာတော့ပဲ ဖြစ်သွားတယ်။ သိမှတ်စရာမရှိတော့ဘူးလား? ဘာမှထပ်မဖြစ်တော့ဘူးလားလို့ စိတ်ထဲမှာ ဖြစ်သွားတာမျိုး၊ သိမှတ်နေရင်း သိသွားတာမျိုးတွေ ရှိတတ်တယ်။
သိသာသောစိတ်
- စိတ်ကိုစောင့်ကြည့်သိမှတ်နေတဲ့ စိတ်လေ့ကျင့်ခန်းကို အဆက်မပြတ် လေ့ကျင့်နိုင်ရင်၊ မိမိစိတ်ရဲ့ သိသိသာသာ ပြောင်းလဲလာတာ၊ သိစရာရှိတာတွေကို သိမှုလွယ်လာတာ၊ အာရုံခြောက်ပါးရဲ့ ဖြစ်ပေါ်လာတတ်တဲ့ စိတ်သဘောတွေကို နားလည် လွယ်လာတာ၊ ထင်ထင်ရှားရှား သိသာလာတဲ့စိတ်။