သရမ်းသောစိတ်
- ပါးစပ်သရမ်းတော့ အပြောအဆိုပိုင်းမှာ စည်းကမ်းမရှိတဲ့စိတ်။ လက်သရမ်းတော့ ခိုးမယ်။ လစ်ရင်လစ်သလို လက်ကို သရမ်းခိုင်းတဲ့စိတ်။
သ၀န်တိုသောစိတ်
- မိမိစိတ်ထဲမှာ အမြတ်တနိုး ချစ်ခင်တွယ်တာနေတဲ့သူက တခြားသော တစ်စုံတစ်ယောက်ကို ဆက်ဆံမှုတွေ လိုအပ်တာ ထက်ပိုပြီး လိုက်လျောနေတာကို မြင်ရ၊ ကြားရတဲ့အခါမှာ မကျေနပ်သလိုလို ရုတ်တရက် ပေါ်လာတတ်တဲ့ စိတ်အမျိုးအစား။
သ၀န်ကြောင်သောစိတ်
- ဒီလိုစိတ်မျိုးတွေက အချစ်လွန်ကဲသူတွေ၊ အစွဲအလမ်း ကြီးလွန်းသူတွေမှာ ဖြစ်တတ်တဲ့ စိတ်အမျိုးအစား။ ဒီလိုစိတ်မျိုး ရှိနေတဲ့သူကို အနီးဆုံးမှာ ရှိနေတဲ့သူတွေက စိတ်ပျက်တတ်ပါတယ်။ လူ့အဖွဲ့အစည်းထဲမှာလည်း ဒီလိုစိတ်မျိုးရှိသူကို အနှောင့်အယှက်လို့ သတ်မှတ်ကြတယ်။ သ၀န်ကြောင်တယ်ဆိုတာ သ၀န်ကြောင်တဲ့သူဘက်က တစ်ဖက်သတ် အထင်မှားနေတာမျိုး ဖြစ်နေလို့ပါပဲ။
သဟဇာတ ညီမျှသောစိတ်
- စိတ်လေ့ကျင့်ခန်းအနေနဲ့ ပြောရရင် စိတ်ထဲဝင်လာတဲ့ အာရုံကိုဝင်မှန်းသိသလို၊ ၀င်လာတဲ့အာရုံကြောင့် မိမိစိတ်အနေအထား ဘယ်လို အပြောင်းအလဲ ဖြစ်သွားလဲ? နှစ်ခုလုံးကို ရှေ့ဆင့်နောက်ဆင့် အညီအမျှ ချက်ချင်း သိပေးရတဲ့ စိတ်အမျိုးအစား။ အလုပ်လုပ်နေတဲ့ စိတ်နဲ့၊ သိပေးနေတဲ့ စိတ်ဟာ ၀င်လာတဲ့အာရုံနောက်လည်း မလိုက်ဘူး။ သိနေတဲ့ အသိဆီမှာလည်း အသိကို ချန်ပြီးမထားခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ သိလိုက်တဲ့အချိန်မှာပဲ နှစ်ခုလုံး မရှိတော့တာကို အညီအမျှ သိပေးနေရလို့ပဲ။
သာပေါင်းညာစားစိတ်
- မိတ်ဆွေစစ်မဟုတ်သော မိတ်ဆွေတုရဲ့စိတ်။ မိတ်ဆွေအစစ်လား၊ အတုလား စမ်းသပ်ချင်ရင်၊ သူမသိအောင် ဆင်းရဲချင်ယောင်ဆောင်ပြလိုက်။ ဒုက္ခရောက်သွားလို့ ငါ့ကိုတစ်လှည့် ကူညီပါဦးလို့ ပြောကြည့်။ မျက်နှာမဲ့ပြီး ဟိုဘက်လှည့်သွားရင် အဲဒါ မိတ်ဆွေတု၊ သာတုန်းက ပေါင်းပြီးညာစားတဲ့ မိတ်ဆွေတုလို့ တစ်သက်စာ မှတ်လိုက်တော့!
သာမညောင်ညစိတ်
- မကြီးကျယ်တဲ့၊ လူအထင်မကြီးနိုင်တဲ့၊ သာမန်စိတ်အဆင့်သာရှိတဲ့ စိတ်အမျိုးအစား။
သာမန်ကာလျှံကာစိတ်
- စိတ်ထဲက မပါဘူး။ မျက်နှာပေါ်မှာ အပြုံးကိုတင်ပြီး ၀တ်ကျေတမ်းကျေ ဖြစ်ပေါ်ပေးတဲ့စိတ်။
သာရာစီးတတ်သောစိတ်
- ဟိုဘက်က သာရင် ဟိုဘက်မှာနေတယ်။ ဒီဘက်က သာရင် ဒီဘက်မှာနေတယ်။ အရှက်မရှိတဲ့မျက်နှာ၊ အရှက်မရှိတဲ့စိတ်နဲ့ မိမိသက်သာဖို့ပဲ အဓိကကျတယ်ဆိုတဲ့ စိတ်အနေအထား။
သာယာတတ်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
သာလာယံဇရပ်စိတ်
- ဇရပ်ဆိုတာ သိတယ်မဟုတ်လား။ လေးဘက်လေးတန် အကာအရံမရှိဘူး။ တံခါးမရှိဘူး။ ၀င်ချင်သလိုဝင်၊ ထွက်ချင်သလို ထွက်။ ဇရပ်ဆိုတဲ့အဓိပ္ပာယ်က ဘယ်သူလာလာ ကြိုက်သလိုနေ၊ ကြိုက်သလောက်နေဆိုတော့ နေချင်သလိုလည်း နေလို့ရတယ်။ ဇရပ်နဲ့ နှိုင်းယှဉ်ပြီး ပေးထားတဲ့ စိတ်အမျိုးအစားဆိုတော့ စည်းမရှိ၊ ကမ်းမရှိ၊ ပရမ်းပတာ အဓိပ္ပာယ်ထက် ပိုဆိုးနိုင်တဲ့ စိတ်ပဲ။
သာသနာပြုခြင်းကို စိတ်ဝင်စားသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
သာသာထိုးထိုးရှိသောစိတ်
- တချို့ဈေးသည်တွေဟာ ဈေးရောင်းစားနေပေမယ့် ၀ယ်သူကို စားစေချင်တဲ့စိတ်နဲ့ ပိုပိုသာလေးထည့်ပေးလိုက်တဲ့ စိတ်အမျိုးအစား။