ဖက်လဲတကင်းစိတ်
- မယုံသင်္ကာစိတ်တွေ မရှိလို့၊ သံသယစိတ်တွေ မရှိလို့၊ ယုံကြည်စိတ်ချမှုအပြည့်နဲ့ ခင်မင်ရင်းနှီးမှုကို ဖော်ပြတဲ့ ဖက်လဲတကင်း စိတ်။
ဖောက်ပြန်စိတ်
- ဒီနေ့ခေတ် အနေအထားအရ လိုချင်တပ်မက်စရာတွေ၊ ကာမဂုဏ်အာရုံတွေကို စိတ်တိုင်းကျခံစားနိုင်တဲ့ အခွင့်အရေးတွေဟာ နေရာတိုင်းမှာ ပုံစံအမျိုးမျိုးနဲ့ မြှူဆွယ်နေတဲ့အားတွေက ကောင်းလွန်းနေတယ်။ ထိန်းချုပ်မှုတွေသာ မရှိရင် အဲဒီမြှူဆွယ်တဲ့ အာရုံပေါ်မှာ ဖောက်ပြန်ချင်နေတဲ့ စိတ်ဟာ အလွယ်တကူလေး ပြောင်းရွှေ့လာပြီး ဖောက်ပြန်ချင်တိုင်း ဖောက်ပြန်ပြီး ခံစားနေမှာ သေချာတယ်။
ဖောက်ဖျက်စိတ်
- အများသဘောတူညီမှု အချက်အလက်တွေနဲ့ အတည်ပြုပြီးကာမှ မလိုက်နာနိုင်ဘူးဆိုတဲ့ စိတ်တစ်ခု ဖြစ်ပေါ်လာတာဟာ အားလုံး သဘောတူညီမှု ကတိကို ဖောက်ဖျက်တဲ့စိတ်ပဲ။
ဖောဋ္ဌဗ္ဗာရုံစိတ်
- ခန္ဓာကိုယ်ချင်း ထိတွေ့မှုအာရုံ၊ စိတ်ချင်း စိတ်ချင်း ထိတွေ့မှုအာရုံ၊ အာရုံခြောက်ပါးထဲမှာ တစ်ခုအနေနဲ့ ပါဝင်နေတဲ့ ထိတွေ့မှုအာရုံ၊ ကမ္ဘာဦးစတည်းကနေ ခုချိန်ထိ လူဦးရေ တိုးတက်များပြားလာတာ သန်းပေါင်း ၇၀၀၀ ရှိသွားပြီ။ ဒါပေမယ့် ယောက်ျားနဲ့ မိန်းမ နှစ်မျိုးတည်းပဲ ရှိတယ်။ ဒီယောက်ျားနဲ့မိန်းမ နှစ်မျိုးတည်းရဲ့ ဇာတ်လမ်းတွေကလည်း အထိအတွေ့တွေနဲ့ စခဲ့ကြတာ ခုထိ မပြီးနိုင်သေးဘူး။ အထိအတွေ့ဆိုတဲ့ အာရုံဟာ အကြီးအကျယ်ဆုံး ပြဿနာတွေကို ဖြစ်စေနေတဲ့ တရားခံစိတ်ပဲ။
ဖတ်ဖတ်မောစိတ်
- ခန္ဓာကိုယ်စွမ်းအား၊ စိတ်စွမ်းအားတွေကို အသုံးချတာ များသွားလို့ ပင်ပန်းသွားတဲ့စိတ်။
ဖတ်လတ်ဖတ်လတ်စိတ်
- စိုးရိမ်ပူပန်စရာ အကြောင်းအရာတွေ၊ ထိတ်လန့်ချောက်ချားစရာ အဖြစ်အပျက်တွေကို တွေ့ကြုံလာတဲ့အခါမှာ စိတ်ပူပြီး လှုပ်လှုပ်ရှားရှား ဖြစ်လာတဲ့စိတ်။
ဖတ်သီဖတ်သီစိတ်
- တိုတောင်းတဲ့အချိန်အတွင်းမှာ ကမန်းကတန်း အလျင်အမြန် ပြုလုပ်နေမိတဲ့အတွက် ပြုလုပ်သူရဲ့ စိတ်ထဲမှာ ဖတ်သီ ဖတ်သီ ဖြစ်နေတဲ့ စိတ်အလှုပ်။
ဖိတ်ဖိတ်တောက်စိတ်
- စိတ်တည်ငြိမ် ခိုင်ခံ့မှု အားကောင်းနေတဲ့အခါမှာ ရင့်သန်ထက်မြက်နေတဲ့ စိတ်အရည်အချင်းကို ဖော်ပြတဲ့ စိတ်စွမ်းအား။
ဖိတ်မန္တကပြုစိတ်
- “ ကြွပါ နွေးထွေးစွာ ကြိုဆိုပါတယ် ” “ မင်္ဂလာ ကျက်သရေအပေါင်းနဲ့ ကြွရောက်လာခြင်း ဖြစ်ပါတယ်လို့ မိမိတို့ဘက်က ယုံကြည်ပါကြောင်း ” စသဖြင့် ဧည့်သည်ကို ယဉ်ကျေး နွေးထွေးစွာ ကြိုဆိုတဲ့စိတ်။
ဖုတ်ပူမီးတိုက်စိတ်
- ကြိုတင်ပြင်ဆင်ထားတဲ့ အလေ့အကျင့်မရှိသူတွေဟာ သွားခါနီး လာခါနီးမှာ အရေးကြီးတဲ့ပစ္စည်း ကျန်ခဲ့လို့ဆိုတဲ့ အနေအထားမျိုးတွေ အမြဲဖြစ်လေ့ရှိပြီး ဖုတ်ပူမီးတိုက်စိတ်တွေနဲ့ ပျာယာခတ်ကြတယ်။ ကြိုတင်ပြင်ဆင်မှု မရှိတဲ့သူတွေဟာ ဘာပဲလုပ်လုပ် ဘယ်ပဲသွားသွား အချိန်လုပြီး အလျင်အမြန် လှုပ်ရှားနေကြရလို့ အမြဲတမ်း ဖုတ်ပူမီးတိုက် စိတ်တွေနဲ့ အေးအေးဆေးဆေး သက်သက်သာသာ မဖြစ်ကြဘူး။ အဲဒီ ဖုတ်ပူမီးတိုက်စိတ်ကို ကြိုတင် ပြုပြင်တာမျိုး လုပ်မထားရင် သေခါနီးအချိန်မှာ ဖုတ်ပူမီးတိုက်စိတ်နဲ့ အသေမဖြောင့်နိုင်ဘူး။
ဖန်တလဲလဲစိတ်
- သတိစိတ်ကို အင်အားကြီးအောင် သတိစိတ်အဖြစ် သတ်မှတ်ထားတဲ့ စိတ်ကို အဆက်မပြတ် ဖန်တလဲလဲ အကြိမ်ကြိမ် အခါခါ အမှတ်ရပေးနေရမယ်။ ဒါမှ သတိစိတ်ဟာ အကျင့်ပါလာပြီး အကျင့်စရိုက် တစ်ခုအဖြစ် ရောက်ရှိသွားနိုင်တယ်။ ဖန်တလဲလဲ ပြုလုပ်တဲ့စိတ်ကို သတိစွမ်းအား ကြီးအောင် တည်ဆောက်တဲ့နေရာမှာ အသုံးချပါ။