အားရှိပါးရှိစိတ်
- အဆင့်မြင့်တဲ့ အလုပ်တစ်ခုခုကို ဆုံးခန်းတိုင်အောင် တည်ဆောက်တော့မယ်ဆိုရင် မိမိစိတ်ကို မိမိကိုယ်တိုင်က အားရပါးရ စိတ်ဖြစ်နေရမယ်။ အလုပ်လုပ်နေဆဲ အချိန်မှာလည်း စိတ်စွမ်းအားတွေ အပြည့်ရှိနေရမယ်။ ဘေးက စောင့်ကြည့်နေသူတွေကလည်း အတုယူချင်အောင် အားရှိပါးရှိ ဖြစ်နေတဲ့စိတ်။
အားအားယားယားစိတ်
- စိတ်ကို အလုပ်ပေးထားတာမျိုး မရှိရင် စိတ်က အအားရပြီး အားအားယားယား၊ လွင့်ချင်ရာလွင့်၊ မျောချင်ရာမျောနေတော့မှာ သေချာတယ်။
အီလေးအာလေးစိတ်
- လုပ်ကိုလုပ်ရမယ့် အလုပ်တစ်ခုကို မလုပ်ဖြစ်သေးဘဲ စိတ်မပါသလို ဖြစ်နေတဲ့ စိတ်အနေအထား။
အီလည်လည်စိတ်
- တွေးခေါ်မြော်မြင်မှုကို အဓိကအသုံးချပြီး နေ့မနား ညမနား၊ အာရုံစိုက်လှုပ်ရှား လုပ်ကိုင်ခဲ့တဲ့ အလုပ်တစ်ခု ပြီးဆုံးသွားတဲ့ အချိန်မှာ မျှော်လင့်ထားသလို မဖြစ်ဘူးဆိုတာ သိလိုက်လို့ ရုတ်ရက် လျော့ကျသွားတဲ့စိတ်။
အီးရောအီးရောစိတ်
- လုပ်ရိုးလုပ်စဉ် လုပ်နေကျအတိုင်း လုပ်နေတာမျိုး မဟုတ်တော့ဘူး။ အာရုံတစ်ခုခုရဲ့ နှောင့်ယှက်မှုကြောင့် အလုပ်ထဲမှာ စိတ်မပါတော့တာ သိသာနေတဲ့စိတ်။
ဥမကွဲသိုက်မပျက်စိတ်
- တစ်ယောက်တစ်မျိုးစီ အယူအဆ ကွဲပြားနေတာမျိုး မဟုတ်ဘဲ၊ မိသားစုပုံစံ စုစုစည်းစည်း ဖြစ်နေတဲ့စိတ်။
ဥဒါန်းမကျေစိတ်
- ခွင့်လွှတ်လို့မရနိုင်တဲ့ အနိုင်ကျင့်နှိပ်စက်မှုကို ကျူးလွန်နေမယ်ဆိုရင် ဘယ်သူ့ကိုပဲဖြစ်ဖြစ် ခွင့်လွှတ်မှာ မဟုတ်ဘူးနော်လို့! လောကကို အော်ဟစ် ကြေညာလိုက်တဲ့ စိတ်အခြေအနေ။
ဥပါဒါန်စိတ်
ဥပေက္ခာစိတ်
- ကောင်းတယ်လည်း မဟုတ်ဘူး။ မကောင်းဘူးလည်း မဟုတ်ဘူး။ ကြိုက်တာလည်း မဟုတ်ဘူး။ မကြိုက်တာလည်း မဟုတ်ဘူး။ တုံ့ပြန်မှုမရှိ၊ ခံစားမှုမရှိ၊ ထပ်ဆင့်ပွား ဖြစ်မှုမရှိ၊ အရာရာကို လျစ်လျူရှုထားတဲ့စိတ်။
ဥပါဒ်ဌီဘင်စိတ်
- အရာရာဟာ ဖြစ်၊ တည်၊ ပျက်သဘောပဲရှိတယ်။ ဖြစ်တယ်၊ တည်တယ်၊ ပျက်တယ်။ အားထုတ်တဲ့အဆင့် အားကောင်းလာရင် ဖြစ်ခြင်းနဲ့ ပျက်ခြင်းကို သိလာတယ်။ ဖြစ်ပေါ်လာတဲ့ အရာရာတိုင်းဟာ ဖြစ်နေဆဲမှာပဲ ဖျတ်ခနဲ ဖျတ်ခနဲ ပျက်နေတာတွေကို ဆက်တိုက်သိလာတယ်။ ဒီထက်အားထုတ်မှု ပိုကောင်းလာရင် ဖြစ်စ ဥပါဒ်နဲ့ တည်မှု ဌီအဆင့်ကို ကျော်ပြီး ဆက်တိုက်၊ အဆက်မပြတ် ပျက်ပြီးရင်း ပျက်နေတဲ့ ဘင်သဘောကိုပဲ သိမြင်နေတော့တဲ့ စိတ်အဆင့်ဆင့်။
အူကြောင်ကြောင်ဖြစ်နေသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အူတိုသောစိတ်
- မနာလိုတဲ့စိတ်၊ သ၀န်တိုတဲ့စိတ်နဲ့ ဆွေမျိုးတော်စပ်သော စိတ်အမျိုးအစား။
အူတုန်သည်းတုန်စိတ်
- ကြောက်ရွံ့တုန်လှုပ် ပူပန်လှုပ်ရှားနေတဲ့ စိတ်အဓိပ္ပာယ်။
အူလှိုက်သည်းလှိုက်စိတ်
- စိတ်ထဲ၊ အသည်းထဲက လှိုက်လှိုက်လှဲလှဲ လက်ခံကြိုက်နှစ်သက်တဲ့ စိတ်အမျိုးအစား။
အူယားဖားယားစိတ်
- တည်ငြိမ် အေးချမ်းမှုမရှိဘဲ လှုပ်လှုပ်ရှားရှား ဖြစ်နေတဲ့ စိတ်အမျိုးအစား။
ဦးကျိုးသွားသောစိတ်
- ဘ၀ရဲ့ပထမဦးဆုံး စိတ်ထက်သန်နေချိန်မှာ မျှော်လင့်ချက်ပေါင်းများစွာ မြှုပ်နှံပြီး အားကြိုးမာန်တက်လုပ်ခဲ့တဲ့ အလုပ်ဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးသွားတယ်၊ ဒါမှမဟုတ် ဖျက်ဆီးခံလိုက်ရတယ်ဆိုရင် ဖြစ်သွားတဲ့ စိတ်အနေအထား။