အစုတ်ပလုတ်စိတ်
- တန်ဖိုးရှိတဲ့ စိတ်အရည်အသွေးတွေကို အစပ်အဟပ် တည့်အောင် အသုံးမချတတ်လို့ အဆင့်မရှိတဲ့ အစုတ်ပလုတ် စိတ်အဆင့်ကို ရောက်သွားတာပဲ။
အစွဲအလမ်းဖြစ်စေသောစိတ်
- သေခါနီး ပြင်ဆင်ရဦးမယ်ဆိုတာလည်း အစွဲတစ်ခု ဖြစ်သွားဦးမယ်နော်လို့ ဆရာကြီးနန္ဒာသိန်းဇံက သတိပေးဖူးတယ်။
အစွန်အဖျားထက် ကျွံသွားသောစိတ်
- ရှိသင့်တဲ့စိတ်က အဆုံးစွန်ထက်လွန်ပြီး အစွန်းထွက်သွားတဲ့ အစွန်းရောက် စိတ်အမျိုးအစား။ ကာမဂုဏ်အာရုံ အလိုရှိနေတဲ့စိတ်ကို အလိုလိုက်မိတာ လွန်သွားတာပဲ။ လိုချင်နေတဲ့စိတ်က အထိန်းအချုပ်မရှိတော့ စိတ်တိုင်းကျ စိတ်လွတ်ကိုယ်လွတ် ခံစားပြီး ကြိုက်သွားတဲ့ အစွန်းရောက် စိတ်အဆင့်။ ခံစားပြီးရင်း၊ လိုချင်ရင်း၊ ခံစားရင်းနဲ့ ကျေနပ်တယ်ဆိုတာ မရှိတော့ဘူး။ တစ်ချိန်လုံး ကြိုက်တဲ့အရသာကို ခံစားဖို့၊ လိုချင်နေတာတွေ ရအောင်ယူဖို့ ကြိုးစားရင်း စိတ်က အဆုံးစွန်ထိ ရောက်သွားတယ်။ လိုချင်နေတာရော၊ ခံစားတာကိုပါ အစွဲအလမ်း ဖြစ်သွားတော့ အစွန်အဖျားထက် ကျွံထွက်သွားတဲ့ စိတ်အဆင့်။
အစွမ်းကုန်ကြိုးစားသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အစွမ်းသတ္တိစိတ်
- မမြင်ရတဲ့စိတ်ကို စွမ်းအားတွေရှိအောင် အဆက်မပြတ် လေ့ကျင့်ပြုစု အားထုတ်ထားလို့ စိတ်စွမ်းအား ပြည့်စုံလာတဲ့ အစွမ်းသတ္တိစိတ်။ လောကဓံရှစ်ပါးကို ရင်ဆိုင်ဖို့ အစွမ်းသတ္တိ ပြည့်စုံနေတဲ့ စိတ်အနေအထား။
အစွယ်ကျိုးသွားသောစိတ်
- အစွယ်အားကိုးနဲ့ သောင်းကျန်းနေတဲ့ ဆင်ရိုင်းတစ်ကောင်ကို ထိန်းတဲ့နေရာမှာ ဆင်ကိုထိန်းတဲ့ချွန်းကို ကျွမ်းကျင်စွာ အသုံးပြုပြီး ထိန်းချုပ်နိုင်တဲ့ ဆင်ထိန်းရဲ့ အရည်အချင်းကြောင့် ရမ်းကားနေရာကနေ မာန်ကျသွားတဲ့ စိတ်အဓိပ္ပာယ်။
အစွယ်ချိုးခံလိုက်ရသောစိတ်
- မှန်လျက်သားနဲ့ မှားနေတယ်လို့ စီရင်ချက်ချခံလိုက်ရတဲ့သဘော။ အမှားအုပ်စုက ထောင်နဲ့သောင်းနဲ့ ကြားထဲမှာ မှန်တဲ့လူက တစ်ယောက်တည်းဆိုရင် မိမိရဲ့အမှန်တရားကို အနိုင်ကျင့်ပြီး ရိုက်ချိုးခံလိုက်ရတဲ့ စိတ်သဘော။
အဆမတန် ရှုပ်ထွေးနေသောစိတ်
- အမှန်က စိတ်ဆိုတာ တစ်ခုပြီးမှတစ်ခု ၀င်ခွင့်ရတာပါ။ စိတ်သဘာဝကို မသိမှုကြောင့် ၀င်လာတဲ့စိတ်ကို လက်ခံပြီးယူမိ၊ ထပ်ဆင့်ပွားပြီး တွေးမိ၊ တွေးမိတဲ့ အလျဉ်မပြတ်ခင် နောက်ခံစားမှု အကြောင်းအရာတစ်မျိုးနဲ့ စိတ်တစ်ခု ၀င်လာ။ နောက်ထပ် ရောက်လာတဲ့ စိတ်နောက်ကို ပါသွား၊ ထပ်ဆင့်ပွားပြီး တွေးမိ၊ တွေးမိတဲ့အကြောင်းအရာ အဆုံးမသတ်ခင် နောက်ထပ် စိတ်တစ်ခုထပ်ဝင်လာ။ အဆက်မပြတ် ဖြစ်နေတဲ့ ဖြစ်စဉ်ဆိုတော့ ၀င်လာသမျှတွေ အကုန်လုံးလက်ခံပြီး ရှုပ်ထွေးကုန်တယ်လို့ ထင်သွားတဲ့ စိတ်အနေအထား။
အဆီအငေါ်မတည့်သောစိတ်
- အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်နေတဲ့စိတ်တွေရဲ့ စိတ်ချင်းစိတ်ချင်း ထိပြီးငြိနေတဲ့ စိတ်သဘာဝတွေကို အတိအကျ သဘောမပေါက်ရင် မိမိစိတ်နဲ့မိမိ တစ်ချိန်လုံး ပြဿနာတက်နေတဲ့ စိတ်အနေအထား။ (ဒီလိုအချိန်မျိုးမှာ လိုအပ်တဲ့အရာက စိတ်တွေအကြောင်းသိအောင် ရှာဖွေတဲ့ အသိစိတ်နဲ့ ထိန်းချုပ်နိုင်တဲ့ သတိစိတ်ကို တည်ဆောက်နိုင်လာရင်တော့ စိတ်ချင်းစိတ်ချင်းတည့်သွားရော။)
အဆောတလျင်စိတ်
- စိတ်ဆိုတဲ့အလျဉ်ကိုက မြန်လွန်းနေတာ သူ့သဘာဝ။ မိမိလုပ်မယ့် အလုပ်သဘောကို သေသေချာချာ စဉ်းစားတွေးတော ချင့်ချိန်တာတွေ မလုပ်ဘဲ၊ ခံစားစိတ်နဲ့ လိုချင်စိတ်ကို ဦးစားပေးလွန်းရင် လှုံ့ဆော်တိုက်တွန်းစိတ်က မြန်မြန်သာလုပ်လိုက်ကွာလို့ တိုက်တွန်းခံရတဲ့စိတ်။ (မြန်မြန်လုပ်တဲ့အလုပ်တွေ မှားတာများတယ်။ မပီပြင်တာများတယ်။ မကောင်းတာများတယ်။ မသေသပ်တာများတယ်။)
အဆိုးအကောင်းခွဲခြားနိုင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အဆက်ပြတ်သွားသောစိတ်
- သိစရာရှိတာတွေထဲက သိကိုသိသင့်တဲ့ စိတ်သဘောကို သိလို့ရသမျှ သိအောင်သိကြည့်မယ်လို့ ဆုံးဖြတ်လိုက်တာနဲ့ မဆုံးဖြတ်ခင်က အမျှင်တန်းနေတဲ့ စိတ်အတွေးတွေ လွင့်ပျံ့နေတဲ့စိတ်တွေ အကုန်လုံး ပြတ်တောက်သွားတာကို ချက်ချင်းသတိထားမိတယ်။ (ဒါဟာ စောင့်ကြည့်သိမှတ်နေတဲ့ အသိက ဖြတ်ချပစ်လိုက်တဲ့သဘောပဲ။)