အစီအစဉ်ကောင်းသောစိတ်
- သေချာတာ ဘာမှမရှိတဲ့ လူ့လောကမှာ ဘာပဲလုပ်လုပ် သိနေတဲ့အသိကို သတိနဲ့ ပူးပေါင်းထူထောင်ပြီး ကြိုတင် ပြင်ဆင်ထားခြင်းကသာ သေချာမှုကို ရစေတဲ့ စိတ်အစီအစဉ်ကောင်း။
အစီအမံကောင်းသောစိတ်
- သေချာအောင် ပြင်ဆင်ရဦးမယ်ဆိုတဲ့ အသိထဲမှာ အစွဲပါးပါးလေး ပါနေတတ်တာကို သတိထားပြီး ဘာပဲလုပ်လုပ် သိနေတဲ့ ပြင်ဆင်မှုဟာ အစီအမံကောင်းတဲ့ စိတ်အနေအထားပဲ။
အစုအဝေးနဲ့နေချင်သောစိတ်
- သစ္စာလေးပါးထဲက ဒုက္ခရဲ့ဖြစ်ကြောင်းက သမုဒယတဲ့။ သမုဒယဆိုတာ သံယောဇဉ်နဲ့ တဏှာနဲ့ အဓိပ္ပာယ်တူတူပဲ။ စိတ်ဆာလောင်ခြင်း တစ်ခုပေါ့။ အစုအဝေးနဲ့ နေချင်နေတဲ့သူတွေကို တဖြည်းဖြည်းချင်း စိတ်ကိုလျှော့ကြည့်ပါလို့ အကြံပေးပါရစေ။ (လူ့လောကထဲကို လူအဖြစ်နဲ့ စတင်ရောက်ရှိလာတုန်းက မိမိတစ်ယောက်တည်းပါ။ လူ့လောကထဲက ပြန်ထွက်သွားတဲ့အခါမှာလည်း မိမိ တစ်ယောက်တည်းပါ။)
အစစ်အမှန်ကိုသိသောစိတ်
- အရာရာဟာ ခဏလေးပဲဆိုတဲ့ သဘာဝအမှန်တရားကို သိနေတဲ့သူတွေ စိတ်သက်သာကြတယ်။ အာရုံတွေ ရှိနေလို့ စိတ်ချင်းစိတ်ချင်း ထိတွေ့ပြီး ခံစားမှုအမျိုးမျိုး ဖြစ်နေတဲ့သဘောကို သိနေသူတွေဟာ ခံစားနေတဲ့စိတ်ကို အလိုမလိုက်မိအောင် သတိနဲ့ ထိန်းချုပ်နေတာဟာ အစစ်အမှန်သဘောကို သိနေတဲ့စိတ်ပဲ။ လူဖြစ်နေတဲ့အတွက် လိုချင်တပ်မက်တဲ့ စိတ်တွေ ဖြစ်နေကြ ရတာကိုသိတယ်။ ဒါပေမယ့် လိုချင်တပ်မက်တဲ့ စိတ်ရဲ့ဒုက္ခပေးတာ မခံရအောင် သတိနဲ့ဆင်ခြင်နေတာဟာ အစစ်အမှန်သဘောကို သိနေတဲ့စိတ်ကြောင့်ပဲ။ မိမိ သိကျင့်ကြည့်နေတဲ့ အသိကိုလည်း သာယာကျေနပ်တဲ့ အစွဲတစ်ခု ဖြစ်မသွားအောင် သတိနဲ့နေနိုင်တာဟာ သဘာဝအစစ်အမှန်ကို သိသွားတဲ့ စိတ်ကြောင့်ပဲ။
အစဉ်တစိုက်စိတ်
- လူ့ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အင်္ဂါအစိတ်အပိုင်းတွေဟာ တစ်ခုပြီးတစ်ခု အဆက်မပြတ် အစဉ်တစိုက် သူ့အလုပ်သူ လုပ်နေကြတာ လုံးဝမရပ်ဘူး။ ပစ္စည်းခြောက်ခုကြောင့်လည်း အာရုံခြောက်ပါးဟာ တစ်ခုပြီးတစ်ခု မရပ်မနား အဆက်မပြတ် အစဉ်တစိုက် ပြောင်းရွှေ့ဖြစ်ပေါ် ချုပ်ပျောက်နေကြတာ လုံးဝမရပ်ဘူး။ ခံစားနေတဲ့စိတ်၊ မှတ်သားတဲ့စိတ်၊ သိတဲ့စိတ်၊ လှုံ့ဆော်တိုက်တွန်းတဲ့စိတ်တွေဟာလည်း တစ်ခုပြီးတစ်ခု အစဉ်တစိုက် အလုပ်လုပ်နေကြတာ လုံးဝမရပ်ဘူး။ အချိန်ဆိုတဲ့ အဆက်မပြတ် ဖြစ်စဉ်ကြီးကလည်း အစဉ်တစိုက် ချီတက်နေတာ ဘယ်တော့မှလည်း ရပ်မှာ မဟုတ်တော့ဘူး။ မိမိခန္ဓာကိုယ်နဲ့ မိမိစိတ်နဲ့ အချိန်ဆိုတာတွေရဲ့ အစဉ်တစိုက် ပြောင်းရွှေ့နေတဲ့ သဘာဝသဘောတွေအတိုင်း မိမိရဲ့စောင့်ကြည့်သိမှတ်နေတဲ့ အသိဟာလည်း အပြတ်အလပ် မရှိအောင် အစဉ်တစိုက် သိမှတ်နေတဲ့ စိတ်အဆင့်။
အစဉ်မပြတ်ပြောင်းရွှေ့နေသောစိတ်
အစဉ်လိုက်အတိုင်းသာဖြစ်ပေါ်နေသောစိတ်
အစဉ်အလာသဘောကို သိနေသောစိတ်