မေး - | ဘယ်လို အားလုံးကို စွဲခဲ့တာလဲ? |
---|---|
ဖြေ - |
စွဲနေတာကို ကြိုက်ပြီးတော့ စွဲတာ။ စွဲနေမှန်း မသိအောင် စွဲသွားတာ။ သူ၊ ငါ၊ ယောက်ျား၊ မိန်းမ မရှိဘူး။ ရုပ်နဲ့နာမ်ပဲ ရှိတယ်တဲ့။ ဟုတ်ပါ့မလား? လူချင်းအတူတူ ဘ၀အကျိုးပေးတွေ မတူတာ ဘာ့ကြောင့်လဲ? လူချင်းအတူတူ နှိမ့်ချဆက်ဆံခံခဲ့ရတာ ဘာ့ကြောင့်လဲ? ဆိုတဲ့ သဘောတွေကို နားမလည်လို့ စဉ်းစားတာ၊ မသင်္ကာ တဲ့စိတ်နဲ့ စဉ်းစားတာ။ ပြောတိုင်းမယုံတဲ့ စိတ်နဲ့စဉ်းစားတာ။ လူတွေရဲ့အကြောင်းကို စဉ်းစားရင်း စဉ်းစားရင်း၊ အဖြေအတိအကျ မထွက်ခင် စဉ်းစားတာကို စွဲသွားတာ။ |
မေး - | စဉ်းစားတာကို စွဲတယ်? |
ဖြေ - |
ဟုတ်တယ်။ အားကိုးစရာ အတန်းပညာကလည်း မပြည့်စုံတော့ စဉ်းစားတာကိုပဲ အားကိုးမိသွားတာ။ စဉ်းစားတယ်ဆိုတာ အလကား ရတာလေ။ ပိုက်ဆံပေးစရာမှ မလိုဘဲ။ ကပ်စေးနှဲနေစရာ မလိုဘူး။ ကြိုက်သလို စဉ်းစားရင်း စွဲတာ။
လူ့အဖွဲ့အစည်းထဲမှာ ပိုက်ဆံရှာဖို့ ပညာတစ်ခုခု တတ်ချင်တတ်၊ မတတ်ရင် ပိုက်ဆံချမ်းသာ။ ဒီနှစ်မျိုးထဲက ပိုက်ဆံချမ်းသာအောင် လုပ်မယ်ဆိုတဲ့ အချက်ကို ရွေးလိုက်တယ်။ ပိုက်ဆံနောက်ကို အသေအလဲ၊ အပြိုအကွဲ၊ အသဲအမဲ လိုက်တာ။ သေတော့မလိုဖြစ်တဲ့အထိကို ပိုက်ဆံရှာတာ။ မခံချင်တဲ့စိတ်က ပိုက်ဆံရှာတဲ့နေရာမှာ အထောက်အကူဖြစ်လို့ မခံချင်တဲ့စိတ်ကိုလည်း စွဲတယ်။ ကျေကျေ နပ်နပ်ကို ကြိုက်ပြီး စွဲတာ။ အလုပ်မျိုးစုံလုပ်ရင်း လုပ်နေဆဲအလုပ်က မချမ်းသာနိုင်ဘူးဆိုတာ သိလာရင် ဖြစ်တဲ့နည်းနဲ့ အလုပ်ထဲက နှုတ်ထွက်တယ်။ ငါချမ်းသာမယ့် အလုပ်က ဒီအလုပ်မဟုတ်ဘူး။ ငါပေါင်းရမယ့်လူက သူမဟုတ်ဘူး။ ငါနေရမယ့် နေရာက ဒီလိုနေရာမျိုး မဟုတ်ဘူး။ အဲဒီလို စည်းမရှိ၊ ကမ်းမရှိ၊ အဆင့်အတန်းမရှိ၊ တစ်ဖက်သတ်ဆန်လွန်းတဲ့ အကြံအစည်တွေကို စွဲတာ။ မရှိတာထက် မသိတာခက်၊ မသိတာထက် မလုပ်တာခက် ဆိုတဲ့စကားကို စပြီး ကြားဖူးလိုက်တည်းက အဲဒီစကားကို စွဲသွားတာ။ သိသင့်တာကို သိလို့ရသလောက် သိမှဖြစ်တော့မယ်လို့ သိလာတယ်။ သိချင်တဲ့အကြောင်းအရာတွေကို သိချင်လာတဲ့ စိတ်ကို စွဲလာတယ်။ သိကြည့်ရင်း သိကြည့်ရင်း သိနေတာကိုလည်း စွဲလာတယ်။ လိုချင်တဲ့ အဖြေကို မရမချင်း မေးခွန်းတွေ အဆက်မပြတ် မေးမိတဲ့စိတ်က အစွဲအကျင့် ဖြစ်လာပြီး လူအများအမြင်မှာ ရစ်တယ်၊ အမြင်ကပ်စရာ ကောင်းတယ်။ ခွင့်မလွှတ်နိုင်စရာ၊ ဒေါသထွက်စရာ၊ စိတ်ပျက်စရာ ဖြစ်တဲ့အထိ မေးခွန်းထုတ်တာကို စွဲသွားတယ်။ လူဖြစ်ခွင့်ရှိတုန်းလေး အရာရာကို သိချင်နေတဲ့ စိတ်ကို အစွဲဖြစ်လာတယ်။ တစ်ချိန်တည်းမှာ သိသမျှတွေကိုလည်း ဟုတ်ပါ့မလားဆိုတဲ့ မသင်္ကာစိတ်နဲ့ အပြန်ပြန်အလှန်လှန် ရှေ့နောက် ပတ်လည် သိကြည့်တာကို စွဲလာတယ်။ မေးခွန်းတွေ မေးတဲ့နေရာမှာ တစ်ခါတလေ သိသလိုလိုလူနဲ့တွေ့ပြီး အဖြေအစစ် မရခဲ့တာတွေ ရှိတယ်။ တစ်ခါတလေ သိချင်ယောင်ဆောင်တဲ့သူနဲ့တွေ့ပြီး အငြင်းအခုန်ဖြစ်၊ စကားတွေများ၊ မိတ်ပျက်ပြီး မခေါ်မပြော ဖြစ်ကုန်တာတွေ ရှိတယ်။ တချို့ကျတော့လည်း ပြောနိုင်တာကို သိတယ်လို့ ထင်နေတာမျိုးလည်း ရှိတယ်။ |