ရိုးရိုးကုပ်ကုပ်နေသောစိတ်
- မိမိမှာရှိတာလည်း လူမသိစေရဘူး။ မရှိတာလည်း လူမသိစေရဘူး။ ကြွားဝါတဲ့စိတ်မျိုးတွေ မရှိဘူး။ မလိုအပ်ဘဲ စကားတွေ အပိုမပြောဘူး။ မိမိနဲ့မဆိုင်တဲ့ ပြဿနာတွေထဲ ၀င်မပါဘူး။ မိမိနဲ့မပတ်သက်တဲ့ ကိစ္စတွေကို မစပ်စုဘူး။ ရိုးရိုးသားသား နေတတ်သူရဲ့ ရိုးရိုးကုပ်ကုပ်စိတ်။
ရိုးအစိတ်
- ရိုးလွန်းအားကြီးရင် အသွားရော။ အတဲ့လူတွေဟာ ဖျင်းတဲ့သဘောတွေထပ်ပြီး ပါလာတတ်တယ်။ လိမ်တတ်တဲ့သူတွေရဲ့ သားကောင်ဟာ ရိုးအတဲ့သူတွေပဲ။
ရက်စက်သောစိတ်
- ရက်စက်တတ်တဲ့သူတွေ၊ ရက်စက်ချင်တဲ့သူတွေဆီမှာ ရက်စက်တဲ့ စိတ်တွေက ရှိနှင့်ပြီးသား။
ရက်ရောသောစိတ်
- ပေးကမ်းလှူဒါန်းတဲ့နေရာမှာ ပေးစရာရှိရင် နောက်လှည့်ကြည့်မနေဘူး။ လှူစရာရှိရင်လည်း ပါလာသမျှ အကုန် သွန်ချလိုက်တယ်။ ကြိုက်သလိုသာ လုပ်ပေတော့ စိတ်အမျိုးအစားပေါ့။
ရောက်တတ်ရာရာ လွင့်မျောနေသောစိတ်
- အလုပ်မရှိ၊ အကိုင်မရှိ၊ လောကမှာ လူလာဖြစ်တာ တွေးဖို့ဆိုပြီး လက်ခံထားတဲ့သူတွေဟာ အတွေးကို မိတ်ဆွေ ဖွဲ့လိုက်တယ်။ ၀င်လာသမျှ အာရုံတွေကို စိတ်ကြိုက်လက်ခံပြီး စိတ်ကြိုက်တွေးတယ်။ မိမိတွေးနေတဲ့ အတွေးက ရောက်ချင်ရာ ရောက်နေပြီး၊ စပြီးတွေးတုန်းက အကြောင်းကို ပြန်ရှာလို့မရတော့ဘဲ တွေးရင်းတွေးရင်းနဲ့ အတွေးထဲက ရုန်းထွက်လို့ မရတော့ဘူး။ နောက်ဆုံးမှာ စိတ်ရောဂါ အထူးကုဆေးရုံက အခန်းတစ်ခန်းထဲ ရောက်သွားတဲ့ အထိ ဖြစ်သွားတော့တာပဲ။
ရင်ကွဲနာကျသောစိတ်
- ဘ၀မှာ မကြုံစဖူး အံ့သြတုန်လှုပ် ချောက်ချားစရာ အဖြစ်အပျက်တစ်ခုကို ရုတ်တရက်တွေ့ကြုံရပြီး ဆုံးရှုံးမှု အကြီးစားကြီးကို ခံစားလိုက်ရတဲ့အချိန်မှာ ရင်ကွဲပက်လက် ဖြစ်သွားတော့တာ။ မှတ်သားစိတ် အတွင်းထဲအထိ ထိခတ်သွားတဲ့အရှိန်က ပြင်းလွန်းလို့ သာမန်လူတစ်ယောက် အနေနဲ့ သတိရတိုင်း ဖြစ်ပေါ်လာတဲ့ စိတ်အမျိုးအစား။
ရင်ခုန်နေသောစိတ်
- အာရုံတစ်ခု စိတ်ထဲကို အရှိန်နဲ့ လာဆောင့်တဲ့ အထိအတွေ့က တစ်ဆင့် ခံစားမှုဖြစ်ပြီး အသက်ရှူတဲ့လမ်းကြောင်းကိုပါ ဂယက်ရိုက်သွားတဲ့ စိတ်ပုံစံ။
ရင်စို့သွားသောစိတ်
- ရင်ဘတ်နဲ့ ပတ်သက်တဲ့ ခံစားမှုတွေကတော့ ရင်ကွဲတာတို့၊ ရင်နာတာတို့၊ ရင်ခုန်တာတို့၊ ရင်ထဲဆို့နင့်သွားတာတို့ စတဲ့ ခံစားမှုတွေ ဖြစ်စေတယ်။ တရားခံကတော့ ခံစားမှုအရှိန်ကို မထိန်းနိုင်လို့ပဲ။ ခံစားမှုဝေဒနာဆိုတာ စိတ်ထဲကို တည့်တည့်မတ်မတ် ထိတဲ့ ဖဿစေတသိက်ရဲ့ အရှိန်ကြောင့်ဖြစ်တာပဲ။
ရင်ဆိုင်ဖြေရှင်းချင်သောစိတ်
- ပြဿနာတစ်ခုခု ဖြစ်လာရင် တအုံနွေးနွေး ကြိတ်မှိတ်ခံနေတာထက် မျက်နှာချင်းဆိုင်တွေ့ပြီး ဖြေရှင်းတာ အကောင်းဆုံးနဲ့ အမှန်ဆုံးပဲ။ ဖြစ်ပျက်နေသမျှ အာရုံတွေပေါ်မှာ ခံစားမှုမရှိတဲ့၊ တပ်မက်စွဲလမ်းမှု မရှိတော့တဲ့ စိတ်အသိနဲ့ အသက်ရှင်နေသမျှ နောက်ဆုံးထွက်သက်အထိ ရင်ဆိုင်ဖြေရှင်းရဲတဲ့ စိတ်အသိကို အသုံးချနေရဦးမှာပဲ။
ရင်တမမနဲ့ စိတ်ပူနေသောစိတ်
- စိတ်လေ့ကျင့်ခန်း မလုပ်တဲ့သူတွေ၊ စိတ်အကြောင်း သိအောင် မကြိုးစားတဲ့သူတွေဟာ မသေချာတဲ့ အတွေးတွေနဲ့ ရင်တမမ စိတ်ပူနေပြီး လက်ရှိပစ္စုပ္ပန်အချိန်တွေကို ဖြုန်းပစ်နေကြတယ်။ ဒီလိုဖြုန်းတီးမှုတွေဟာ ရင်တမမ စိတ်ပူရာကနေ လောင်ကျွမ်း ပေါက်ကွဲပြီး ဦးနှောက်သွေးကြော ပြတ်သွားတဲ့အထိ ဖြစ်သွားတတ်တယ်။