(၁) ဆံပင်

ဆံပင်ဆိုတာ ဦးခေါင်းခွံရဲ့ အပေါ်က အရေပြားကနေ ထွက်လာတဲ့ဆံပင်၊ ဆံပင်ထုတ်လုပ်တဲ့နေရာဆိုတာ ဦးခေါင်းခွံ အရေပြား ပါးပါးလေးမှာပဲ ရှိတယ်။

ဒီနေရာ ပါးပါးလေးထဲကနေပဲ ထွက်လာတဲ့ဆံပင်ဟာ မညှပ်ဘဲ ထားရင် ခြေဖျားအထိ ရှည်လာတာ အံ့သြစရာကောင်းနေတယ်။

လူဆိုတဲ့ လူတွေရဲ့ ဦးခေါင်းပေါ်မှာ သူ့နယ်နိမိတ်နဲ့သူ ပိုင်းခြားပြီး ဆံပင်ဆိုတဲ့ အခေါ်အဝေါ် သတ်မှတ်မှုနဲ့ တစ်နေရာတည်းမှာ ထူးဆန်းစွာ ပေါက်နေကြတယ်။

ဆံပင်ပေါက်တဲ့နေရာဟာ နဖူးပြင်ထိပ်က နယ်နိမိတ်စတယ်၊ မျက်နှာရှေ့ပိုင်း၊ ဘယ်၊ ညာ နားရွက်နှစ်ဖက်ရဲ့ ရှေ့က နားသယ်မှာ အဆုံးသတ်တယ်။ နောက်ဘက်ဆိုရင် လည်ကုပ်မှာ ဆံပင်ပေါက်တဲ့နေရာ အဆုံးသတ်တယ်။

နဖူးစ၊ နားသယ်အဆုံးနဲ့ လည်ကုပ်နေရာတွေရဲ့ ဆံပင်နယ်နိမိတ်အဆုံးမှာ ပေါက်တဲ့အမွေးကိုတော့ ဆံပင်လို့ မသတ်မှတ်တော့ဘဲ အမွေးအုပ်စုထဲကို ပို့လိုက်ကြတယ်။

ဆံပင်တွေဟာ လူရဲ့ဦးခေါင်းပေါ်မှာ ပေါက်နေကြပေမယ့် တစ်နေရာတည်းက ဆံပင်နှစ်ချောင်း မပေါက်တာ၊ ဆံပင်တစ်ချောင်းနဲ့ တစ်ချောင်း ကပ်ပြီး ပေါက်နေကြပေမယ့် တစ်ချောင်းနဲ့ တစ်ချောင်း အဆက်အသွယ်မရှိတာ၊ ဘေးနားက ဆံပင် တစ်ချောင်း ဖြူနေရင်၊ တွန့်လိမ်ကောက်ကွေးနေရင်၊ ကျွတ်သွားရင်၊ ဆံပင်အချင်းချင်း သိနိုင်တဲ့ အာရုံမရှိတာ ထူးဆန်းတယ်။

ဆံပင်အချင်းချင်း မသိပေမယ့် မှန်ကတစ်ဆင့် သိကြည့်လို့ရတဲ့ အသိက ဘယ်နေရာမှာ ရှိနေလို့ သိနိုင်တာလဲ?

ဆံပင်ကို အမြတ်တနိုး၊ ပြုပြင်ထိန်းသိမ်း၊ ဂရုစိုက်နေကြပေမယ့်

မိမိစားမယ့် ထမင်းဟင်း ပန်းကန်ထဲမှာ ဆံပင်တစ်ချောင်းပါလာရင် ဆံပင်ကိုယ်တိုင် ရွံစရာအနေနဲ့ မသိဘဲ ဆံပင်ကို မြင်တဲ့သူက ရွံသွားတာ ဘာ့ကြောင့်လဲ?

ရွံသွားတဲ့အသိက ဘယ်ကရောက်လာတာလဲ?

ရွံစရာလို့ ဘာ့ကြောင့် သတ်မှတ်တာလဲ?

(၂) အမွေး

မျက်ခုံးမွေး၊ နှုတ်ခမ်းမွေး၊ ပါးသိုင်းမွေး အစရှိတဲ့…. အမွေးဆိုတာ ဆံပင်အုပ်စုထဲမှာ မပါဘူး။ ဆံပင်နဲ့မတူဘူး။ မညှပ်ဘဲထားရင် ဆံပင်လို အရှည်ကြီး မဖြစ်တာ ထူးဆန်းတယ်။

ခေါင်းပေါ်က ဆံပင် ပေါက်တဲ့နေရာနဲ့ လက်ဖ၀ါး၊ ခြေဖ၀ါးကလွဲရင် တစ်ကိုယ်လုံးရဲ့

နေရာအနှံ့မှာ သူ့အစီအစဉ်နဲ့ သူ ပေါက်နေကြတယ်။

အရေပြားပေါ်မှာ အမွေးတွေပေါက်နေတာကို အရေပြားက မသိဘူး။ အမွေးကလည်း အရေပြားပေါ်မှာ

ပေါက်နေတာကို မသိကြပြန်ဘူး။ အမွေးအချင်းချင်းလည်း အဆက်အသွယ်မရှိဘူး။

အကူအညီပေးတာတွေ၊ စာနာတာတွေ မရှိကြဘူး။ လူ့ခန္ဓာကိုယ်ပေါ်မှာ ကိုယ်စီခံစားမှုတွေ မရှိဘဲ ဖြစ်ပေါ်နေကြတယ်။