ခန္ဓာကိုယ်တစ်ခု ရလိုက်တဲ့ လူသားတိုင်းဟာ
ဒီလို စိတ်ပျက်စရာ အညစ်အကြေးတွေ…
အရိအချွဲတွေ၊ အပုပ်အပွတွေနဲ့ အင်္ဂါအစိတ်အပိုင်းအဖြစ်
ခန္ဓာကိုယ်ထဲမှာ ရှိနေကြတယ်။
အင်္ဂါအစိတ်အပိုင်း ရှိတာချင်းအတူတူ အပြန်အလှန်
အသိအမှတ် ပြုပေးခြင်း မရှိဘဲ သီးခြားစီ ရှုပ်ယှက်ခတ်နေတဲ့ အထဲမှာ
ငါဆိုတဲ့ သတ်မှတ်မှုနဲ့ရောပြီး မသိချင်ယောင်ဆောင်နေမှာလား?
ရပ်တန့်နေတယ်ဆိုတာ မရှိစေရဘဲ တစ်ခုပြီးတစ်ခု အဆက်မပြတ် ပြောင်းရွှေ့နေတဲ့ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေရဲ့ သဘာဝတွေဟာ
မိမိရဲ့ မသိမှုကြောင့်..
ဗဟုသုတနည်းမှုကြောင့် မတော်တဆရပ်သွားရင် မိမိဘက်ကလည်း ရင်ဆိုင်ဖို့ အဆင်သင့် ပြင်ဆင်ထားတာ မရှိရင်…
ဘယ်လိုလုပ်မလဲ?
၃၂ခုသော ပစ္စည်းတွေရဲ့ တစ်ခုချင်းစီ လှုပ်ရှားမှုတွေထဲမှာ ငါလုပ်တာလို့ ပြောနိုင်တာ တစ်ခုမှ မပါဘူး။
လေးလေးနက်နက် တွေးခေါ်မြော်မြင်ပြီး မိမိခန္ဓာကိုယ်အကြောင်း သိကြည့်ဖို့ လိုလာပြီ။
မသေချာတဲ့ လူ့ဘ၀ထဲမှာ ပြင်ဆင်ထားခြင်းကသာ သေချာမှုကို ဖြစ်စေတယ် ဆိုတဲ့စကားကို လက်ခံတယ်
ဆိုရင်
လက်ကျန်အသက်ရှင်ခွင့်ရတဲ့အချိန်တွေမှာ.. မိမိခန္ဓာကိုယ်ကို ထိုက်တန်တဲ့ ပြင်ဆင်မှုတွေနဲ့
လူဖြစ်ရခြင်း ဒုက္ခကို ဆင်ခြင်ကြည့်ပါ။
လူဖြစ်ရခြင်း ဒုက္ခလို့ သဘောပေါက်လာရင်လည်း
ဒုက္ခထဲကလွတ်မြောက်အောင် ရုန်းထွက်နိုင်တဲ့နည်းကို ရှာဖွေပါ။
သိစရာတွေထဲက သိရမယ့် အသိလို့ သတ်မှတ်ပေးပါ။
လူအဖြစ်နဲ့သာ ရှာဖွေသိရှိခွင့် ရှိနေလို့ လူ့အခွင့်အရေးကို တန်ဖိုးရှိရှိ အသုံးချသင့်တယ်။
အသုံးချမယ်ဆိုရင်လည်း မြန်မြန်လှုပ်ရှားပါ။ အချိန်မရှိတော့ဘူး။
အိုခြင်း၊ နာခြင်း၊ သေခြင်း သဘောတွေ မိမိရှိရာကို အဆက်မပြတ် လာနေတယ်နော်။