ခန္ဓာကိုယ်ရှိနေလို့၊

စိတ်တွေရှိနေလို့၊

အာရုံခြောက်ပါးရှိနေလို့၊ စိတ်တွေဖြစ်ပေါ်လာတာကို ကိုယ်တိုင်လက်တွေ့သိအောင် စောင့်ကြည့်တာ။

ဖြစ်ပေါ်လာတဲ့ အာရုံတွေကို သိစရာ အာရုံတွေအဖြစ် သိကြည့်တာ။

အာရုံနဲ့ စိတ်နဲ့ ထိတွေ့တဲ့ ဖဿစေတသိက်ကြောင့် ထပ်ဆင့်ပွားဖြစ်လာတဲ့ ခံစားတဲ့စိတ်၊ တဏှာစိတ်၊ စွဲလမ်းစိတ်တွေရဲ့ အဆင့်ဆင့် ပြောင်းရွှေ့တတ်တဲ့သဘောတွေကို သိချင်လို့ စောင့်ကြည့်တာ။

စိတ်သဘာဝတွေကို သိနိုင်ဖို့အတွက် စက္ကန့်မလပ်၊ အဆက်မပြတ် စောင့်ကြည့်မှသာ သိနိုင်မှာဆိုတော့

စောင့်ကြည့်သိမှတ်မှု ခိုင်မြဲအောင် သတိစိတ် လိုအပ်တယ်။

စောင့်ကြည့် သိမှတ်နေတဲ့စိတ် လိုအပ်တယ်။

စိတ်သဘောကို စုံစမ်းတဲ့စိတ် လိုအပ်တယ်။

စိတ်အလုပ်လုပ်တာကို စိတ်ဝင်စားတဲ့စိတ် လိုအပ်တယ်။

အနုစိပ်လွန်းတဲ့ စိတ်တွေရဲ့ ဖြစ်ပေါ်လာပြီး အစအနမကျန်အောင် ချက်ချင်း ချုပ်ပျောက်နေတဲ့ စိတ်သဘာဝ ဖြစ်စဉ်တွေကို အတိအကျ သိအောင် စောင့်ကြည့်မှဖြစ်မယ်။

စိတ်ကို စောင့်ကြည့်သိမှတ်တဲ့နေရာမှာ အာရုံရွေးစရာ မလိုဘူး။

ဘယ်လိုအာရုံပဲပေါ်ပေါ် ၀င်လာသမျှအာရုံကို စောင့်ကြည့်သိမှတ်နေဖို့ပဲ။

အာရုံ ထိတွေ့မှုသဘောကို ကိုယ်တိုင် လက်တွေ့သိအောင် စောင့်ကြည့်ရမှာ။

စိတ်ကို စောင့်ကြည့်ရင်း တစ်ခုပြီး တစ်ခု၊ အဆက်မပြတ် ဖြစ်နေပါလားဆိုတာ သိအောင် သိကြည့်ရမှာ။

တစ်ခုတည်းကို စူးစိုက်ပြီး စိတ်ကို ငြိမ်အောင်မလုပ်ဘူး။ စိတ်ကို အလုပ်လုပ်ခိုင်းထားရမှာ။

စိတ်ပျံ့လွင့်နေရင် ပျံ့လွင့်နေမှန်း သိနေရမယ်။

စိတ်ပျော်ရွှင်နေရင် ပျော်ရွှင်နေမှန်း သိနေရမယ်။

စိတ်ဖောက်ပြန်နေရင် ဖောက်ပြန်နေမှန်း သိရမယ်။ မိမိစိတ်က ဘာလုပ်နေလဲဆိုတာကို သိတာထက် ဘာကိုသိနေလဲဆိုတာ သိနိုင်အောင် သိကြည့်ရမှာ။ ဘာပဲလုပ်လုပ် သိနေရမှာ။