အဆက်မပြတ် စီးနေတဲ့ ရေစီးကြောင်းရဲ့ တစ်နေရာတည်းကို သိကြည့်ကြည့်။

ရေစီးနဲ့အတူ မိမိစိတ်အသိကို ရောပြီး ပါမသွားစေဘဲ ကြည့်ကြည့်။

အသိရဲ့အောက်မှာ ရေက အဆက်မပြတ် စီးနေတာမျိုး။

မိမိရဲ့အသိက အဆက်မပြတ် စီးနေတဲ့ ရေအလျဉ်ရဲ့အပေါ်မှာ အသာလေး ရှပ်ပြီး တင်ထားတာမျိုး။

အဲဒီနည်းနဲ့ စောင့်ကြည့်သိမှတ်ကြည့်ရင်း

အဆက်မပြတ် စီးနေတယ်လို့ ထင်ရတဲ့ ရေအလျဉ်ဟာ

တစ်ခုပြီးတစ်ခုသာ ဖြစ်နေတာကို သိလာတယ်။

တစ်ခုပြီးတစ်ခုရဲ့ လျင်မြန်မှုကြောင့်သာ တစ်ဆက်တည်းလို့ ထင်နေတာ။

မိမိသိပေးနေရတဲ့ အသိကလည်း ရေအလျဉ်လို တစ်ခုပြီးမှသာ နောက်တစ်ခု လိုက်သိပေးနေရတာကို သဘောပေါက်သွား လိမ့်မယ်။

အဲဒီသဘောပေါက်မှုကြောင့်လည်း

သိနိုင်နေတဲ့ မိမိရဲ့ သိမှုအပေါ်မှာ မိမိပိုင်ဆိုင်ခွင့် မရှိတာကို ထပ်ဆင့်သဘောပေါက်ပြီး သိမှုအပေါ်မှာ သာယာစိတ်၊ စွဲလမ်းစိတ် မဖြစ်တော့ဘူး။

ဘာကိုမှ စွဲလမ်းခွင့် မရှိပါလားလို့ သိသွားတဲ့ အသိကြောင့်လည်း မိမိရဲ့စိတ်အသိက ရှင်းနေတယ်။

စင်ကြယ်နေတယ်။

အဆက်မပြတ်လာနေတဲ့ အချိန်ဖြစ်စဉ်အပေါ်မှာလည်း၊

အဆက်မပြတ်စီးနေတဲ့ ရေစီးကြောင်းလို သဘောထားပြီး

မိမိစိတ်ကို လက်ရှိအချိန်မှာပဲ ထားလိုက်နိုင်ရင် မိမိစိတ်ဟာ ဖြစ်ပြီးတဲ့နေရာမှာ မကျန်ခဲ့သလို၊

မဖြစ်သေးတာကိုလည်း မစဉ်းစားဖြစ်တော့ဘဲ၊

အရာရာဟာ ပြတ်တောက်နေတာကို သိလာမယ်။

ဖြတ်စရာမလိုဘဲ ဖြတ်ပြီးသားဖြစ်နေတဲ့ သဘာဝကို သဘောပေါက်ပြီး သိကြည့်လို့ရနေမယ်။

စိတ်ကို စောင့်ကြည့်သိမှတ်နေလို့ အရာရာဟာ ဖြစ်ဖြစ်ချင်း ပျက်နေတဲ့သဘာဝကို သိကြည့်လို့ရလာတယ်။

အရာရာဟာ ထင်ထားတာထက် အဆပေါင်းများစွာ ပျက်စီးတာ မြန်နေပြီး မရှိတော့ဘူးနဲ့ အဆုံးသတ်နေတဲ့ သဘာဝ သဘောကို ကိုယ်တိုင် လက်တွေ့သိလာတယ်။

ဘာကိုမှ ပိုင်ဆိုင်ခွင့် မရှိတဲ့ သဘာဝတရားကို သဘောပေါက်ပြီး လိုချင်တဲ့ လောဘစိတ်တွေ လျော့ကျသွားမှာ သေချာတယ်။

လိုချင်တဲ့ တဏှာစိတ်တွေကြောင့် ဘ၀တစ်လျှောက်လုံးမှာ ဒုက္ခတွေ ဆက်တိုက်တွေ့နေတာကိုလည်း သဘောပေါက်သွား လိမ့်မယ်။

လိုချင်တဲ့စိတ်တွေ မပါဘဲ၊ လက်ရှိအလုပ်တွေ လုပ်နေရင် စိတ်ကရှင်းပြီး ဘာပဲလုပ်လုပ် အလုပ်ပေါ်မှာပဲ အာရုံ စူးစိုက်မှုတွေ ပိုလာသလို အလုပ်ကိုလည်း ပိုလုပ်နိုင်တဲ့အပြင်၊

အလုပ်လုပ်နေဆဲ အချိန်တွေမှာလည်း စိတ်က စင်ကြယ်နေမယ်။

ခံစားမှုလောင်စာ၊

တဏှာလောင်စာတွေလည်း ဖြစ်ခွင့်မရလို့ ဒုက္ခမီးလည်း လောင်စရာ မရှိတော့ဘူး။

စိတ်ကြည်လင်မှု၊ အားထုတ်မှု၊ သတိရှိမှု၊ စူးစိုက်တည်ကြည်မှု သဘောမှန်ကို ရှင်းလင်းစွာ သိမှုတွေကြောင့်

စောင့်ကြည့်သိမှတ်နေတဲ့ စိတ်က သွက်လက် လျင်မြန်ပြီး၊

တည်ငြိမ်၊ ခိုင်ခံ့၊ စင်ကြယ်နေလို့၊

ဘာပဲလုပ်လုပ် သိပြီးရင်း သိနေတဲ့အဆင့်ကို

ရောက်သွားမှာ သေချာတယ်။

ဒါဟာ စနစ်တကျ စောင့်ကြည့်သိမှတ်မှု အမှန်ကြောင့် သဘာဝဖြစ်စဉ်တွေကို သဘောပေါက်ပြီး စိတ်ဒုက္ခဖြစ်မှုတွေထဲက လွတ်မြောက်သွားတယ်။

အာရုံခြောက်ပါးကြောင့် ဖြစ်တဲ့စိတ်တွေဟာ

စိတ်ကိုလာထိတဲ့ ဖဿစေတသိက်က စတာပဲဆိုတာသိပြီး

လှုံ့ဆော်တိုက်တွန်းတဲ့စိတ်ကို

မိမိရဲ့စောင့်ကြည့်သိမှတ်မှုနဲ့အတူ ကပ်ထားမယ်။

အာရုံလာထိသမျှ ချက်ချင်း ဖယ်ထုတ်မယ်။

ခံစားစိတ်ကြောင့် လိုချင်တဲ့စိတ်အဆင့် မရောက်အောင် တားဆီးနိုင်မယ်ဆိုရင်

စွဲလမ်းစိတ် ဖြစ်ခွင့်မရှိတော့ဘဲ၊

ဘ၀အသစ် တစ်ဖန်ပြန်ဖြစ်မှုတွေ ရပ်သွားမယ်။

အဲဒီအဆင့်ရောက်အောင် စိတ်ကိုစောင့်ကြည့်သိမှတ်နိုင်ဖို့ အလိုအပ်ဆုံးအရာကတော့ သတိဆိုတဲ့စိတ်ပဲ။

Next Chapter »