စပ်စုသောစိတ်
- မထိန်းတတ်ရင် ကြောက်စရာကောင်းတဲ့အပြင် ရွံစရာကောင်းတဲ့ အဆင့်ထိ ရောက်သွားနိုင်တဲ့ စိတ်အမျိုးအစားပါပဲ။ စိတ်ဆိုတဲ့ သဘာဝကိုက အရာရာကို စပ်စုတဲ့ သဘောရှိတယ်။ သိချင်လွန်းအားကြီးနေတဲ့ အကြောင်းအရာကို စပ်စုရင်း ထိန်းချုပ်လို့ မရတော့ဘဲ သိသလောက်ကိုပဲ ချဲ့ကားပြီး အတင်းပြောတဲ့ စိတ်အဆင့်ကို ပြောင်းရွှေ့သွားတတ်တယ်။ အတင်းပြောရာကနေ သိမ်ဖျဉ်းတဲ့ စကားတွေ ရောထွေး ပြောတတ်လာပြီး မနာလိုတဲ့ စိတ်အဆင့်ထိ ရောက်သွားပြီဆိုရင်တော့ စပ်စုစိတ်ကြောင့် မူရင်းစိတ်ကိုပါ ပျက်စီးသွားစေတဲ့ စိတ်အမျိုးအစား။
စမ်းတ၀ါးဝါးစိတ်
- သင်ကြားတတ်မြောက်ထားသင့်တဲ့ အသိပညာ၊ အတတ်ပညာတွေကို ဖြစ်ဖြစ်မြောက်မြောက် သင်ကြား လေ့လာထားတာမျိုး မရှိဘဲ၊ ဘာပဲလုပ်လုပ် ရပါတယ်လို့ လွယ်လွယ်ပြောတတ်တဲ့သူတွေဟာ တကယ်လက်တွေ့ အကောင်အထည်ဖော်ရမယ့် အနေအထားမျိုးကို ရုတ်တရက် ကြုံတွေ့ပြီဆိုရင် ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဘဲ ယောင်ဝါးဝါး ဖြစ်နေတဲ့ စိတ်အနေအထား။
စမ်းသပ်စိတ်
- လူသားတစ်ယောက်အနေနဲ့ အရာရာကို စမ်းသပ်သိချင်လာတဲ့အရွယ် ရောက်လာရင် ဒါဘာလဲ၊ ဘာဖြစ်လို့လဲ၊ ဘာကြောင့်ဖြစ်ရတာလဲ၊ ဟုတ်လို့လား စတဲ့ စုံစမ်းမှုနဲ့အတူ လက်တွေ့စမ်းသပ်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာတာ သဘာဝပါပဲ။ စမ်းသပ်တာချင်းအတူတူ ဒီ့အပြင်နောက်ထပ် ဘာရှိဦးမလဲ? လို့ အကောင်းဘက်မှာ စမ်းသပ်ရှာဖွေ စူးစမ်းတာကို အားပေးပံ့ပိုး သင့်ပေမယ့် မူးယစ်ဆေးဝါးလို မကောင်းတဲ့ဘက်မှာ စမ်းသပ်ချင်တဲ့စိတ်ကိုတော့ တားဆီးသင့်တယ်။
စုံကန်စိတ်
- မိဘနဲ့သားသမီးကြား၊ ဆရာနဲ့တပည့်ကြား၊ ကျေးဇူးတရားပေးဖူးသူနဲ့ ယူဖူးသူကြားမှာ ကျေးဇူးမသိတတ်ဘဲ ရိုင်းရိုင်းစိုင်းစိုင်း ရက်ရက်စက်စက် ဖောက်ပြန်ကျူးလွန်တဲ့ စိတ်အဆင့်။
စုံစမ်းစိတ်
- ဘယ်သူက ဘာပဲပြောပြော အမှန်ဟုတ်တယ်လို့ မယူဆနဲ့ဆိုတဲ့ ကာလာမသုတ်ထဲက အဆုံးအမစကားကို လေ့လာ သိရှိထားဖူးတဲ့သူဟာ မြင်သမျှ၊ ကြားသမျှ ဟုတ်ရဲ့လားဆိုတဲ့ သံသယစိတ်နဲ့ ချက်ချင်း မယုံဘဲ စုံးစမ်းတယ်။ လေ့လာရှာဖွေတယ်။
ဖြစ်နိုင်ချေရှိတယ်ဆိုရင် သိချင်တဲ့အကြောင်းအရာနဲ့ ပတ်သက်သမျှ အစကအဆုံး ခရေစေ့တွင်းကျ အသေးစိတ် စုံစမ်းတဲ့ စိတ်အမျိုးအစား။
စုံမက်နှစ်သက်စိတ်
- စိတ်အသိထဲမှာ မြတ်မြတ်နိုးနိုး၊ စွဲစွဲလမ်းလမ်း ဖြစ်တဲ့အရာဝတ္ထု၊ လူ့အသုံးအဆောင် ပစ္စည်းဥစ္စာနဲ့ ဆန့်ကျင်ဘက် လူအပေါ်မှာ သတ်မှတ်ဖြစ်ပေါ်နေတဲ့ စိတ်အနေအထား။
စွဲလမ်းစိတ်
- အာရုံနဲ့ စိတ်နဲ့ စိတ်ချင်းထိတွေ့တဲ့ အငြိအတွယ်က တစ်ဆင့် ခံစားမှုစိတ် အရှိန်ပြင်းထန်လာပြီး လိုချင်နှစ်သက်၊ စွဲမြဲ စွဲငြိ တွယ်တာ စွဲကပ် စွဲမက်စွဲလမ်းစတဲ့ အဆင့်ထိ ရောက်သွားတဲ့ စိတ်အဆင့်။
စွက်ဖက်စိတ်
- ကျွမ်းကျွမ်းကျင်ကျင် အဆင့်ထိ သိရှိတတ်ကျွမ်းတာမျိုး မဟုတ်ဘဲ ကြွားဝါချင်တဲ့စိတ်နဲ့ လူအထင်ကြီးအောင် မိမိနဲ့ဆိုင်ဆိုင် မဆိုင်ဆိုင်၊ သိသိ မသိသိ ‘ ၀င်ပါလိုက်ရမှ ’ ဆိုတဲ့ အကျင့်ပါနေတဲ့ စိတ်အမျိုးအစား။
စွန့်ကြဲပေးကမ်းစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
စွန့်ခွာစိတ်
- ပျော်ရာမှာ မနေနဲ့ တော်ရာမှာနေဆိုတဲ့ စကားအရ မိမိရောက်ရှိနေတဲ့နေရာ လုပ်နေတဲ့အလုပ်အကိုင်စတဲ့ အနေအထားတွေက ဘယ်လောက်ကြိုးစားပြီး လုပ်လုပ် တိုးတက်မှု မရှိတော့ဘူးဆိုတဲ့ အဖြေက ထောင့်ပေါင်းစုံက ထွက်နေပြီဆိုရင်တော့ တစ်ရွာမပြောင်း သူကောင်း မဖြစ်ဆိုတဲ့ စကားအတိုင်း တော်ရာမှာနေဖို့ ပျော်ရာကို စွန့်ခွာတဲ့ စိတ်အနေအထား။
စွန့်စားစိတ်
- လိုချင်တဲ့ဆန္ဒတစ်ခု ပြည့်ဖို့အတွက်၊ ဖြစ်ချင်တာ ဖြစ်ဖို့အတွက် စွန့်စားမှ ရမယ်ဆိုတဲ့ အဖြေတစ်ခုတည်းပဲ ရှိတယ်ဆိုရင်တော့ သေချင်သေပါစေ စွန့်စားမယ်လို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ပေါ်ထွက်လာတဲ့ စွန့်စားစိတ်။
စွန့်ပစ်စိတ်
- ရေသောက်ချင်နေတဲ့ စိတ်က အရမ်းဆာလောင်နေတဲ့ အချိန်မှာ ခွက်က တစ်ခွက်တည်းရှိတယ် ဆိုပါစို့။ ရှိတဲ့ခွက်ကလည်း ကော်ဖီ၊ အချိုရည်စတဲ့ လက်ကျန်အနည်းငယ် ရှိနေတယ်ဆိုပါစို့။ ဘာလုပ်မလဲ? ခွက်ထဲက လက်ကျန်ကို စွန့်ပစ်မလား?
ရေအငတ်ခံမလား? (စွန့်ပစ်သင့်တဲ့စိတ်တစ်ခုကို ဖက်တွယ်သိမ်းပိုက်ထားရင် ပုပ်သိုးဆွေးမြည့်ညစ်ပတ်ပြီး အမှိုက်အဆင့် ရောက်နေတဲ့စိတ်က စိတ်ရောဂါဆိုးတွေ ပေးလိမ့်မယ်။)