ပတ်ချာလည်စိတ်
- ကိုယ်တိုင်လက်တွေ့ သိကျင့်မှုအားနည်းရင် ပြောအားကောင်းသူရဲ့စကားကို လွယ်လွယ်ကူကူ လက်ခံတတ်တယ်။ ဒီတစ်ယောက်က ဒီလိုလုပ်ရတယ်ကွလို့ပြောရင် ဟုတ်မှာပဲလို့ လက်ခံပြီး မိမိမူလလေ့ကျင့်နေတဲ့ အစီအစဉ်တွေကို စွန့်လွှတ်ပြီး ချက်ချင်းပြောင်းပစ်လိုက်တယ်။ နောက်တစ်ယောက်က “ မင်းဘာတွေလျှောက်လုပ်နေတာလဲ ဟိုလိုလေး လုပ်ရမှာလေ” လို့ မိမိထက် အသက်ကြီးပြီး ရိုသေလေးစားတဲ့လူလည်း ဖြစ်နေပြန်တော့၊ ဒါမှ မှန်တယ်ဆိုပြီး မူလပထမက ကျင့်စဉ်ရော၊ ပထမလူပြောတဲ့နည်းတွေရော အကုန်ဖယ်ပြီး နောက်ဆုံးလူပြောတာ လုပ်မိနေပြန်ရော။ နောက်ဆုံးတော့ ဘယ်ဟာအမှန်ဆိုတာ ပျောက်ပြီး အယူအဆတွေ ရောထွေးပတ်ချာလည်ကုန်တဲ့ စိတ်အနေအထား။
ပတ်ချွဲနပ်ချွဲစိတ်
- လိုချင်တာကို ရအောင်ယူတဲ့နည်းမျိုးများစွာထဲက တစ်ခုအပါအ၀င် ဖြစ်တဲ့စိတ်အမျိုးအစား။
ပတ်စာခွာဖျာသိမ်းစိတ်
- ဘယ်ကလာမှန်းမသိဘဲ၊ လူ့လောကထဲကို လူတစ်ယောက်အဖြစ်နဲ့ ရောက်လာခဲ့ပြီးပြီ။ လုပ်ချင်တာတွေ လုပ်တယ်။ မလုပ်ချင်တာတွေလည်း လုပ်တယ်။ ဒုက္ခမျိုးစုံနဲ့ အသက်ရှင် လှုပ်ရှားခဲ့ပြီးပြီ။ ပတ်စာခွာဖျာသိမ်းတဲ့ နောက်ဆုံးအချိန်ရောက်လာရင်တော့ ဘယ်လို ဇာတ်သိမ်းပြီး ဘယ်ကိုဆက်သွားမှာလဲ? လာခဲ့တဲ့လမ်းကို မသိပေမယ့် ပြန်ထွက်မယ့် လမ်းကြောင်းရဲ့နေရာကို သိသင့်တဲ့စိတ်။
ပတ်သက်သောစိတ်
- အစွဲအလမ်းဖြစ်သွားစေတဲ့ စိတ်အဓိပ္ပာယ်တစ်ခုပဲ။ ပေါ်လာသမျှ အာရုံတွေကို မိမိသဘောနဲ့မိမိ သတ်မှတ်ချင်သလို သတ်မှတ်ပြီး စိတ်တိုင်းကျ ပတ်သက်နေတဲ့စိတ်။
ပိတ်ဆို့ထားသောစိတ်
- ခံစားမှုကိုဖြစ်စေတဲ့ စိတ်မှန်သမျှဟာ မိမိကိုဒုက္ခဖြစ်စေတဲ့ စိတ်အမျိုးအစားဖြစ်နေလို့ ခံစားတဲ့စိတ်တွေ၊ မိမိစိတ်ထဲမရှိအောင် ဖဿ ထိတွေ့တဲ့နေရာမှာ စောင့်ကြည့်သိမှတ်ပြီး အသိနဲ့သတိနဲ့ ပိတ်ဆို့ထားတဲ့ စိတ်အလုပ်။
ပုတ်ခတ်တတ်သောစိတ်
- မနာလိုစိတ်၊ ၀န်တိုစိတ် ကြီးမားပြင်းထန်တဲ့သူတွေဟာ မိမိထက်သာသွားမှာစိုးတဲ့ ယှဉ်ပြိုင်ဘက်တွေအပေါ်မှာ မလိုတမာ ပုတ်ခတ်ပြောဆိုတတ်တဲ့ စိတ်အကျင့်။
ပန်းထိမ်မတတ်ခင် ရွှေခိုးသင်စိတ်
- အပ်ထည်ရွှေပစ္စည်းကို လိုအပ်တဲ့ပုံစံရဖို့ စောက်နဲ့ထွင်း၊ တံစဉ်းနဲ့တိုက်လို့ ထွက်လာတဲ့ ရွှေမှုန်ရွှေစတွေကို မြင်တဲ့အခါမှာ လိုချင်တဲ့ဘက်ကို အာရုံပြောင်းပြီး မူလသင်ကြားနေတဲ့ ပန်းထိမ်အတတ်ပညာကို သေသေချာချာ မသင်ဖြစ်တော့ဘဲ ရွှေခိုးချင်တဲ့ဘက်ကို ပြောင်းရွှေ့သွားတဲ့စိတ်။ (ပညာအစစ်ကို သင်ကြားနေတဲ့အချိန်မှာ အချောင်ခို သက်သာတဲ့နည်းကိုသာ တတ်မြောက်သွားချင်တဲ့ စိတ်အနေအထား။)
ပုန်ကန်ထကြွစိတ်
- မိမိစိတ်နဲ့အတူ အမြဲတမ်း ပူးကပ်နေတဲ့ ငြိမ်ဝပ် ကိန်းအောင်းနေတဲ့စိတ်တွေဟာ အသိနဲ့သတိ မရှိတဲ့အချိန်မှာ ထိန်းချုပ်မှု လွတ်ကင်းပြီး ထကြွသောင်းကျန်းတဲ့အဆင့်ကို ရောက်သွားတဲ့ စိတ်သဘော။
ပုန်းလျှိုးကွယ်လျှိုးစိတ်
- အပြစ်ကျူးလွန်ထားတဲ့သူတွေ၊ အသိဉာဏ်ပညာ မရှိတဲ့သူတွေ၊ သတ္တိမရှိတဲ့သူတွေဟာ အမှန်တရားနဲ့ ထိပ်တိုက် တွေ့တဲ့အခါမှာ ရင်ဆိုင်နိုင်တဲ့ စိတ်စွမ်းအားမရှိလို့ ပုန်းရှောင်နေမိတဲ့ စိတ်တွေ ဖြစ်နေတတ်တယ်။ ပုန်းအောင်းချင်တဲ့စိတ်တွေ ဖြစ်နေတတ်တယ်။
ပုံပျက်ပန်းပျက်စိတ်
- မိမိစိတ်နဲ့အတူ အမြဲတမ်း ပူးကပ်နေတဲ့ ငြိမ်ဝပ်ကိန်းအောင်းနေတဲ့စိတ်ဟာ အသိ သတိမရှိတဲ့အချိန်မှာ အထိန်းအချုပ် မရှိတော့ဘဲ ထကြွသောင်းကျန်းတဲ့အဆင့်ကို ရောက်သွားရင် ဘယ်သူကိုမှ မရှက်တော့ဘူး။ ဘာကိုမှလည်း မကြောက်တော့ဘူး။ ဘာဂုဏ်သိက္ခာမှလည်း မရှိတော့ဘဲ ပုံမကျပန်းမကျပုံစံ စိတ်တွေနဲ့ ပုံပျက်ပန်းပျက် ဖြစ်သွားတဲ့စိတ်။