လျှမ်းလျှမ်းတောက်ကျော်ကြားချင်နေသောစိတ်
- ဒီစိတ်က အချိန်မရွေး ဒုက္ခဖြစ်နိုင်တယ်။ ထောင်ချောက်ကို မမြင်ဘဲ အစာကို ငမ်းငမ်းတက် စားနေတော့ ဘာမှမသိတော့ဘူး။ သတိရတော့ နောက်ကျနေပြီ။ ထောင်ချောက်ထဲမှာ ရုန်းထွက်ဖို့ မလွယ်တော့ဘူး။ လျှမ်းလျှမ်းတောက် ကျော်ကြားချင်တဲ့ စိတ်နဲ့ ပူးတွဲပြီး ပါဝင်နေတဲ့ ထောင်ချောက်။ ထောင်ချောက်ထဲ မရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုရင်တော့ သတိကြီးစွာထားပါ။ ဘယ်သူဘာပြောပြော ချက်ချင်း မယုံပါနဲ့။ ကိုယ်ပိုင်ဉာဏ်နဲ့ စဉ်းစားတွေးတော ချင့်ချိန်နိုင်အောင် အသိဉာဏ်ကို တည်ဆောက်ပါ။ မိမိရွေးချယ်တဲ့ အလုပ်နဲ့ ပတ်သက်ရင် ကျွမ်းကျင် အဆင့်တစ်ဖြစ်အောင် ကြိုးစားပါ။ မေးမြန်းခြင်းကို အကျင့်လုပ်ပါ။ သိချင်ယောင်မဆောင်ပါနဲ့။ သူတစ်ပါးကို အားကိုးလွန်းတဲ့ စိတ်ကို လျှော့ချလိုက်ပါ။ မိမိကိုယ်ပိုင် အရည်အချင်း ပြည့်မီလာလို့ အောင်မြင်ပြီဆိုရင်လည်း မိမိရဲ့လျှမ်းလျှမ်းတောက် အောင်မြင်မှု ဘယ်လောက်ကြာအောင် ဘယ်လိုထိန်းရမယ်ဆိုတဲ့ လမ်းကြောင်းတွေကို ကြိုတင်ရှာဖွေပြီး ပြင်ဆင်ထားပါ။ အဓိကကျတာက စာဖတ်ပါ။ သိချင်ယောင်ဆောင်တဲ့ အကျင့်ရှိရင် ဖျောက်ပစ်ပါ။ ဘာ့ကြောင့်ဖြစ်တာလဲနဲ့ ဘယ်လိုလုပ်ရမလဲ ဆိုတဲ့မေးခွန်းကို မေးနိုင်အောင် မေးပါ။
လွှဲပြောင်းထားလိုက်သောစိတ်
- စိတ်လေ့ကျင့်ခန်းတွေ လုပ်နေတယ်ဆိုပေမယ့် လူတွေကြားထဲမှာ လူတစ်ယောက်အဖြစ်နေနေရတော့ တစ်ခါတလေ အကျဉ်းအကျပ်ထဲ ရောက်သွားရင် စိတ်ကိုရွှေ့ထားတဲ့နည်းကို ရုတ်တရက် သုံးလိုက်ရတာတွေ ရှိတယ်။
(ဥပမာ - မိမိရှေ့မှာ မိမိလွန်ဆန်လို့ မရတဲ့သူတစ်ယောက်က အလိုက်မသိစွာ စကားတွေ ဆက်တိုက်ပြောနေရင် ဘယ်လိုလုပ်မလဲ? သူ့စကားကို နားထောင်ပေးနေရတဲ့ အနေအထားကနေ သူ့ရဲ့စကားတွေ တစ်ခုပြီးတစ်ခု ဆက်တိုက် မရှိတော့ဘူးဆိုတဲ့ အသံကို သိမှတ်နေတဲ့ စိတ်အဖြစ် လွှဲပြောင်းပြီး ရွှေ့ထားလိုက်။)
လွှတ်ပေးလိုက်သောစိတ်
- အမှတ်မှားပြီး သိမ်းထားမိသလို ဖြစ်နေတဲ့ အမှားအသိတွေကို လွှတ်ချပေးလိုက်တာနဲ့ ချက်ချင်းသက်သာသွားတယ်။ အဲဒီမှာ လက်ခံထားတဲ့ အမှားအသိတွေ အကုန်လုံးကို တစ်ခုမှ မကျန်အောင် လွှင့်ပစ်နိုင်ရင်တော့ ပိုပြီး သက်သာသွားလိမ့်မယ်။ အဲဒီလို လွှင့်ပစ်နေတာကို သတိထားပြီး သိကြည့်နေရင် စိတ်တွေက လွှတ်ခနဲ လွှတ်ခနဲ ဆက်တိုက် ပျောက်ပျက်နေတာ ထပ်သိပြီး တစ်ခုခုထဲက လွတ်မြောက်သလို ငြိမ်းအေးသွားလိမ့်မယ်။ ငြိမ်းအေးမှု သေချာအောင် လက်တွေ့သိကျင့်ကြည့်ပါ။
လွှမ်းမိုးခံနေရသောစိတ်
- အသိနဲ့သတိစိတ်ရဲ့ လွှမ်းမိုးမှုအောက်မှာ အသိနဲ့သတိစိတ်ကို လွှမ်းခြုံထားတဲ့ ကျင့်စဉ်ဟာ ငြိမ်းအေးသက်သာမှုကို ရစေတယ်။

Next Chapter »