ဘတစ်ပြန်ကျားတစ်ပြန်စိတ်
- အနိုင်မခံ၊ အရှုံးမပေးဘဲ သူနိုင်ကိုယ်နိုင် အပြိုင်အဆိုင် ရင်ဆိုင်ရင်း သူတစ်လှည့် ကိုယ်တစ်လှည့် အနိုင်လုနေကြတဲ့ စိတ်အမျိုးအစား။
ဘမျိုးဘိုးတူစိတ်
- “ဒီသူငယ်က သူ့အဘိုးနဲ့ တူတယ်” စည်းကမ်းရှိတာ၊ စနစ်ကျတာ၊ အောင်မြင်ကျော်ကြားတာ၊ ဂုဏ်သိက္ခာရှိတာ၊ သူ့အဘိုး အတိုင်းပဲ။ သူ့အဘိုးရဲ့ အဖေလည်း ဒီအတိုင်းပဲ၊ စသဖြင့် လူတစ်ယောက်ရဲ့ အကျင့်စရိုက်၊ လှုပ်ရှားနေထိုင်မှုတွေကို မျိုးရိုး အစဉ်အလာနဲ့ နှိုင်းယှဉ်ပြီး အသိအမှတ်ပြု ပြောဆိုတဲ့ စိတ်တန်ဖိုး။ လူရမ်းကားလေးတစ်ယောက် မိုက်မဲ ဆိုးသွမ်းနေရင်လည်း သူ့အဘိုး ဆိုးတာထက်များ ဆိုးချက်ပိုနေမလားပဲ။ ဘမျိုးဘိုးတူဆိုတာ ဒါမျိုးပေါ့ဆိုတဲ့ နှိုင်းယှဉ်ကဲ့ရဲ့ ရှုတ်ချခံရတဲ့ စိတ်အဆင့်။
ဘ၀နာစိတ်
- လူမှန်းသိစအရွယ်တည်းက လူ့အခွင့်အရေး မှန်သမျှ၊ နည်းမျိုးပေါင်းစုံနဲ့ ဆုံးရှုံးခဲ့ရတယ်။ လောကဓံရိုက်ချက်တွေကို အကြိမ်ပါင်းများစွာ ပုံစံမျိုးစုံနဲ့ ခံခဲ့ရတယ်။ ဒါဟာ ဘ၀ပေးဒဏ်ရာ အပြင်းစားတွေနဲ့ စိတ်အနာ။
ဘ၀မေ့စိတ်
- အကြောင်းအမျိုးမျိုးကြောင့် နေ့ချင်းညချင်း ရုတ်တရက် ချမ်းသာသွားတတ်တဲ့ လူတချို့ဟာ ဆင်းဆင်းရဲရဲ နေခဲ့ရတုန်းက သူတစ်ပါး အကူအညီယူခဲ့ရတာတွေ ပင်ပင်ပန်းပန်း ကုန်းရုန်းရှာခဲ့ရတဲ့ ဘ၀ပေးအခြေအနေတွေ အကုန်လုံး သတိမရတော့ဘဲ အောက်ခြေလွတ် ဘ၀မေ့သွားတာ။ ဘ၀င်ကိုင်သွားတာ။ ဘ၀င်မြင့်သွားတာ။ မောက်မာထောင်လွှားတဲ့ အဆင့်ရောက်သွားတဲ့ စိတ်အပြောင်းအလဲ။
ဘ၀င်ကျစိတ်
- လုံးဝအိပ်ပျော်နေတဲ့ အချိန်မျိုးမှာ စိတ်က အလုပ်မလုပ်ဘူး။ ခံစားမှုမရှိဘူး။ ငြိမ်သက်နေလို့ ဘ၀င်ကျနေတဲ့စိတ်။ ဘ၀င်ခိုက်တာတွေ၊ ဘ၀င်ခွေ့သွားတာတွေကျတော့ ခံစားမှုတွေ ပါလာတယ်။ စိတ်တိုင်းကျတာ၊ ဖြစ်ချင်တာ ဖြစ်မြောက်ပြည့်စုံလို့ ကျေနပ်တဲ့ စိတ်အဆင့် ဖြစ်သွားတာ။ ဒီထက်ပိုတဲ့ ခံစားမှုတွေများသွား ရင်တော့ ဘ၀ခုန်တဲ့အဆင့်၊ ဘ၀င်တုန်တဲ့အဆင့်ထိ ထပ်ဆင့် ပြောင်းသွားပြန်ရော။
ဘာပဲလုပ်လုပ်သိစိတ်
- အိပ်ယာက နိုးပြီဆိုတာနဲ့ နိုးပြီဆိုတာသိ။ မျက်နှာအရင်သစ်မလား၊ ရေအရင်သောက်မလား၊ စဉ်းစားမိရင် စဉ်းစားမှန်းသိ။ မနေ့ကိစ္စပဲ ပြန်တွေးချင်တယ်လို့ စိတ်ဖြစ်သွားရင် ၀င်လာတဲ့စိတ်ကိုသိ၊ ၀င်လာတဲ့စိတ်ကြောင့် မိမိစိတ်အသိ ဘယ်လို ပြောင်းရွှေ့သွားလဲ? ဒေါသထွက်သွားရင် ထွက်သွားမှန်း၊ ကျေနပ်ရင်လည်း ကျေနပ်မှန်းသိ။ ကဲ! တော်ပြီ ရပ်လိုက်မယ်ဆိုတဲ့ စိတ်ဖြစ်ရင် အတွေးကို ရပ်လိုက်မှန်းသိ။ အဲဒီလို ဘာပဲလုပ်လုပ် သိကြည့်နေတဲ့စိတ်။ လှုပ်ရှားမှုတွေက သိတာထက် ပိုမြန်နေလို့ သိကြည့်နေတဲ့ စိတ်ကနောက်ကျပြီး အမီမလိုက်နိုင်ရင်လည်း စိတ်မပျက်နဲ့။ သိလို့ရသလောက် သာ သိကြည့်။ သိကြည့်နေရင်းနဲ့ တစ်ချိန်တည်းမှာ သိနေတဲ့ အပြောင်းအရွှေ့တွေ အကုန်လုံးဟာ မရှိတော့တာကို ထပ်သိလာတယ်။ ထပ်သိလာတာကို သိမှန်းသိပြီး မဖြစ်သေးတာတွေ၊ ဖြစ်လာတာတွေ၊ ဖြစ်ပြီးတာနဲ့ မရှိတော့တဲ့ အချိန်ကာလရဲ့ တစ်ခုပြီးတစ်ခု အလျင်အမြန် ဖြစ်ပြီး ပျက်နေတာတွေကို သိလာပြန်တယ်။ အဲဒီလို သတိထားမိတဲ့အချိန်မှာ သဘောပေါက်သွားတဲ့အသိက ဘာဖြစ်နေမလဲဆိုတော့ ဘာပဲလုပ်လုပ် သိနေတဲ့အတွက် ယခုလက်ရှိအချိန်ဟာ ခဏလေးပါလားလို့ ကိုယ်တိုင်လက်တွေ့သဘောပေါက် သိရှိသွားတဲ့ အသိပဲ။ မိမိနဲ့ အသက်ဆိုင်ဆုံးအချိန်က အခုဆိုတဲ့ ပစ္စုပ္ပန် လက်ရှိအချိန်ဆိုတာရယ်၊ ဖြစ်ပြီးသွားသမျှ မိမိနဲ့ဘယ်လိုမှ မပတ်သက်တော့ဘူးဆိုတာရယ်၊ မဖြစ်သေးတာတွေဟာ ပိုင်စိုးပိုင်နင်း ပတ်သက်ခွင့် မရှိဘူးဆိုတာတွေ အကုန်လုံး ဘာပဲလုပ်လုပ် သိရင်း သိသွားတော့တယ်။