အကျင့်သိက္ခာစောင့်ထိန်းသောစိတ်
- ဒီခေါင်းစဉ်နဲ့ တူညီတဲ့ စိတ်အရည်အချင်းရဖို့ သတိစိတ်နဲ့ အသိစိတ် လိုအပ်တယ်။
အကျဉ်းကျနေသောစိတ်
- စိတ်နဲ့စေတသိက်ရဲ့သဘော သဘာဝတရားတွေကို သိတဲ့အသိအားနည်းနေလို့ မိမိစိတ်ကို မိမိကိုယ်တိုင် အကျဉ်းချလိုက်တဲ့ သဘော။ စိတ်ဒုက္ခ အကျဉ်းထောင်ထဲမှာ ရောက်နေတဲ့ စိတ်အကျဉ်းသားတွေရဲ့ စိတ်တွေပဲ။ ဒုက္ခမီးလောင်စေတဲ့ ခန္ဓာကိုယ် လောင်စာ ခံစားမှုမျိုးစုံနဲ့ ဆာလောင် မွတ်သိပ်နေတဲ့ တဏှာစိတ်လောင်စာတွေကို ဖယ်ရှားနိုင်ရင် စိတ်အကျဉ်းကျခံနေရတဲ့ ဒုက္ခက လွတ်မြောက်မှာပဲ။
အကျည်းတန်သောစိတ်
- အကျည်းတန်တယ်ဆိုတာ အရုပ်ဆိုးတာ၊ မလှတာပဲ။ စိတ်မလှတဲ့ စိတ်ရုပ်ဆိုးသူတွေရဲ့ စိတ်အမျိုးအစား။
အကျိတ်အခဲဖြစ်နေသောစိတ်
- လူ့ခန္ဓာကိုယ်ထဲမှာ အကျိတ်တစ်ခုခုတွေ့ရင် ကင်ဆာဖြစ်နိုင်ချေရှိတဲ့ အရိပ်လက္ခဏာပဲလို့ မှတ်ချက်ချလေ့ရှိတယ်။ စိတ်ထဲမှာလည်း အကျိတ်အခဲ တစ်ခုဖြစ်နေရင် မကျေနပ်တဲ့၊ ဒေါသထွက်တဲ့၊ ပေါက်ကွဲတဲ့အဆင့်ရောက်သွားပြီး စိတ်ကင်ဆာဖြစ်တော့မယ့် စိတ်အဆင့်။
အကျပ်ကိုင်တတ်သောစိတ်
- ကိုယ်ပိုင်အရည်အချင်း မရှိသူတွေကို သားကောင်အဖြစ် သတ်မှတ်ထားတဲ့ လူမုဆိုးတွေက လစ်ရင်လစ်သလို ထုတ်သုံးတဲ့ ဉာဏ်နီဉာဏ်နက် စိတ်အမျိုးအစား။
အကျပ်တွေ့နေသောစိတ်
- ဘာလုပ်ရမယ်ဆိုတာ အဖြေမထွက်သေးခင် စိတ်ထဲမှာ အကျပ်အတည်းဖြစ်ပြီး စိတ်အကျပ်ရိုက်နေတဲ့သဘော။ လူ့သဘော၊ လူ့သဘာဝနဲ့ ပတ်သက်ပြီး အကြားအမြင် ဗဟုသုတ နည်းပါးလွန်းသူတွေအားလုံးဟာ လူ့အသိုင်းအ၀ိုင်းကြားထဲမှာ လောကဓံ ရှစ်ပါးရဲ့ ရိုက်ချက်နဲ့တွေ့တိုင်း ဖြစ်နေကျ စိတ်အမျိုးအစား။
အကျယ်တ၀င့်ရှင်းပြချင်နေသောစိတ်
- စိတ်ရဲ့နှိပ်စက်မှုတွေ၊ ဘ၀သစ်တစ်ဖန်ပြန်ဖြစ်မှုတွေ၊ သံသရာထဲက ရုန်းထွက်လို့ မရသေးတာတွေဟာ စိတ် စေတသိက်တွေကြောင့်ပဲဆိုတာ သိစေချင်တယ်။ မိမိခန္ဓာကိုယ်ရဲ့သဘောတွေကို အမှန်အတိုင်း မသိကြလို့ပဲဆိုတာကို သိစေချင်တယ်။ လူသားတွေရဲ့ စိတ်ဒုက္ခရောက်နေတာတွေ သက်သာသွားအောင် ကူညီချင်တဲ့ စိတ်အမျိုးအစား။
အကြားအမြင်များသောစိတ်
- စားရေးသူပေါင်းစုံရဲ့ အချိန်ပေါင်းများစွာ ရှာဖွေလေ့လာ ရေးသားပြုစုခဲ့တဲ့ စာအုပ်တွေထဲမှာ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးစတဲ့ လူတွေထဲက လူတွေအကြောင်း၊ စိတ်တွေအကြောင်း၊ ထောင့်ပေါင်းစုံက ရေးထားကြတယ်။ မိမိက တစ်ထိုင်တည်းဖတ်ပြီး သိကြည့်လိုက်ရုံပဲ။ အကြားအမြင် အသိဗဟုသုတကြွယ်ဝ တတ်ကျွမ်းသူတွေ ပြောဆိုခဲ့ကြတဲ့ အသံတွေထဲမှာ ဘာသာရေး၊ နိုင်ငံရေး၊ စီးပွားရေးစတဲ့ လူတွေထဲက လူတွေအကြောင်း၊ စိတ်တွေအကြောင်း၊ ထောင့်ပေါင်းစုံကနေ ပြောကြတယ်။ မိမိက တစ်ထိုင်တည်းနားထောင်ပြီး သိကြည့်လိုက်ရုံပဲ။ မျက်စိဖွင့် နားစွင့်ပြီး စာတွေဖတ်ခဲ့သမျှ၊ နားထောင်ခဲ့သမျှ ဗဟုသုတတွေကို ဆင်ခြင်သုံးသပ် ကိုယ်တိုင်လက်တွေ့ သိကျင့်ကြည့်ရင် အကြားအမြင်များတဲ့ စိတ်ပိုင်ရှင်ဖြစ်ပြီ။
အကြံတူရန်သူစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အကြံအဖန်စိတ်
- လိုချင်တာကို အမြန်ဆုံးရအောင်ယူနိုင်ဖို့ အလွယ်ဆုံးနည်းကို ထုတ်သုံးနေတဲ့စိတ်။
အကြံအိုက်နေသောစိတ်
- ရေသောက်ချင်လွန်းတဲ့အချိန်မှာ ရေခပ်မယ့်ခွက်ထဲမှာ ဘာမှန်းမသိတာတွေ လက်ကျန်ရှိနေရင် ဖယ်ရှားသွန်ပစ်ပြီး ခပ်သောက်မှသာ ရေအရသာကို ရရှိမှာပါ။ ခွက်ထဲက လက်ကျန်တွေကို မဖယ်ထုတ်ဘဲ ရေခပ်သောက်နေရင် ရေအစစ်ကို မရနိုင်ပါဘူး။ မိမိစိတ်ထဲမှာလည်း လက်ကျန် စိတ်အဟောင်းတွေ၊ လုပ်နေကျ သီအိုရီအဟောင်းတွေ အကုန်လုံး ဖယ်ထုတ်ပစ်လိုက်ရင် စိတ်အသစ်တွေရပြီး အကြံအိုက်နေတဲ့ စိတ်တွေလည်း လန်းဆန်းသွားလိမ့်မယ်။