အကောင်းအဆိုး ခွဲခြားသိမြင်သောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
အကန့်အသတ်ထားထားသောစိတ်
- စိတ်ကိုစောင့်ကြည့်သိမှတ်ရင်း ရုပ်ခန္ဓာကသက်သက်။ စိတ်တွေကသက်သက်။ အာရုံကသက်သက်။ အာရုံကိုသိတာက သက်သက်။ ဖြစ်ပေါ်လာသမျှ ချက်ချင်း မရှိတော့တာကို သိတာက သက်သက်။ သိနေတဲ့အသိကလည်း ချက်ချင်း မရှိတော့တာကို ထပ်ဆင့် သိတာက သက်သက်။ ၀င်လာသမျှ အာရုံတွေနောက်ကို လိုက်ပါသွားခြင်း မရှိဘဲ လက်ရှိ ဆောင်ရွက်နေဆဲ အလုပ်ထဲမှာသာ မိမိ အသိရှိနေတာ သေချာနေတာ သက်သက်။ အရာရာဟာ တစ်ခုပြီးမှ တစ်ခုစီ ဖြစ်ပျက်မှုတွေ သီးသီးသန့်သန့်၊ ကွဲကွဲပြားပြား၊ သပ်သပ်စီဖြစ်နေတာကို အပြတ်အပြတ်နဲ့ တစ်ဖြတ်စီ သိနေတဲ့ စိတ်အဆင့်။
အကုန်အစင်သိချင်နေသောစိတ်
- စိတ်ကိုစောင့်ကြည့်သိမှတ်နေခြင်းရဲ့ အစမှအဆုံး။ ကြားကနေ ဖြတ်ဝင်လာနိုင်တဲ့ စိတ်ကို ၀င်ခွင့်မရအောင် သိမှုအဆင့်ကို အဆက်မပြတ် တရစပ် တည်ဆောက်ထားတဲ့ စိတ်အနေအထား။ ဆက်တိုက် သိကြည့်နေတဲ့အသိနဲ့ သိစရာအာရုံနှစ်ခုလုံး ထပ်မဖြစ်တော့ဘူးလား? မဖြစ်ဘူးလို့ ထင်ရလောက်အောင် သိမ်မွေ့နေတဲ့ စိတ်အဆင့်။ ဒါပြီးရင် ထပ်ပြီး သိရဦးမယ့် အသိက ဘာဖြစ်ဦးမလဲ? ဒီအသိက ဘယ်အချိန်ထိ တည်ဆောက်နေရမှာလဲ?
အကျကောက်တတ်သောစိတ်
- တစ်စုံတစ်ယောက်က ဘာရယ်မဟုတ် အလွတ်သဘောမျိုး ပြောဆိုလိုက်တဲ့ အသေးအမွှား ကိစ္စလေးကို “ငါ့ကို ရည်ရွယ်ပြီး ပြောတာ” လို့ အကျကောက်တဲ့စိတ်။ ထိခိုက်နစ်နာစေလိုတဲ့ ရည်ရွယ်ချက် အစီအစဉ်လုံးဝမပါဘဲ လုပ်လိုက်မိတဲ့ တစ်ခုခုလေးကိုလည်း “ငါ့ကိုစောင်းမြောင်းပြီး လုပ်တာ” လို့ အကျကောက်တဲ့စိတ်။
အကျနာမှန်းသိလိုက်သောစိတ်
- လောကဓံရှစ်ပါးရဲ့ သဘောတရားတွေ၊ လူ့ဘ၀ရဲ့ အပေါ်ရောက်လိုက်၊ အောက်ပြုတ်ကျလိုက်၊ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝသဘောတရားတွေကို ထဲထဲဝင်ဝင်၊ ပြည့်ပြည့်စုံစုံ လေ့လာရှာဖွေပြီး ကြိုတင်ပြင်ဆင်ထားတာတွေ မရှိဘဲ၊ အကြောင်းတစ်ခုခုကြောင့် ကံကောင်းခြင်းအကျိုးရဲ့ တိုက်ဆိုင် ပံ့ပိုးမှုတွန်းအားတွေနဲ့ အားလုံးထက် မြင့်တဲ့နေရာကို ရုတ်တရက် ရောက်သွားတာမျိုး၊ တချို့ကာယကံရှင်တွေ သတိတောင် မထားမိလိုက်ဘူး။ အပေါ်ဆုံးကို ရောက်သွားတာ ဆိုတော့ အကာအကွယ် ယူစရာမရှိဘူး။ ကိုင်တွယ်စရာ ဘာမှမရှိဘူး။ မိမိ တစ်ယောက်တည်း။ လေတိုက်ရင် ခံရမယ်။ အောက်ကို ပြုတ်ကျရင် အရိုးနဲ့အသား တခြားစီဖြစ်ပြီ။ အောက်ကိုပြုတ်ကျမယ့် အန္တရာယ်ကို တွေးမိတော့မှ ကြိုတင်ပြင်ဆင်ထားတဲ့ ဗဟုသုတ အတွေ့အကြုံ အသိဉာဏ် ဘာမှမရှိခဲ့တာကို သတိထားမိတော့တယ်။ ဒါပေမယ့် နောက်ကျသွားပြီ။ လေကတိုက်နေပြီ။ လေဆိုတာကလည်း တိုက်ခတ်ပေးရမှာ သူ့အလုပ်။ လေတိုက်တဲ့ဒဏ်ကို ဘယ်လိုအကာအကွယ်မှ မရှိဘဲ တင်းခံလို့ မရတဲ့အဆုံးမှာ အောက်ဆုံးအထိ အတားအဆီးမရှိ ကူညီဖေးမမယ့်လူ မရှိဘဲ ပြုတ်ကျသွားတာ။ အောက်လည်းရောက်ရော သွေးလေမမှန်တော့ဘူး။ ဦးနှောက်က အလုပ်မလုပ်တော့ဘူး။ ပြန်ပြီး နာလန်ထူဖို့ မလွယ်တော့ဘူး။ အကျနာမှန်းသိတဲ့အချိန်က အရမ်းကိုနောက်ကျသွားပြီ။ အပေါ်ဆုံးရောက်ပြီးမှ ကြိုတင်ပြင်ဆင်မှုတွေမရှိဘဲ ပြုတ်ကျသွားရင် မသေခင် လက်ကျန်အချိန်မှာ ဘာဆက်လုပ်မလဲ? လူတွေကြားထဲမှာ မျက်နှာပြောင်တိုက်ပြီးနေရဲလား?
အကျောပေးထားသောစိတ်
- ညံ့ဖျင်းတဲ့သူတွေကို အရည်အချင်း တိုးတက်စေချင်ရင် ညံ့ဖျင်းသူချင်း တစ်ယောက်ယောက်ကို အကျောပေးပြီး ပြိုင်ပွဲတစ်ခု စီစဉ်ကျင်းပပေးလိုက်ပါ။ ရှုံးသွားတဲ့သူရဲ့စိတ်ကို ပြုပြင်တဲ့အနေနဲ့ အားပေးစကားပြောပေးရမှာက“မင်းကွာ မင်းထက်ညံ့တဲ့သူက မင်းကို ဒီလောက် အတိုင်းအတာထိ အကျောပေးထားတာတောင်မှ မင်းကမနိုင်ဘူး။ ငါသာဆိုရင် ဒီပွဲကို မကျေနပ်ဘူး။ ပြန် ပြိုင်မယ်လို့ပြောမှာပဲ” (လူလူချင်း အကျောပေးတဲ့စိတ်ကို လက်မခံတဲ့ စိတ်မျိုးရှိနေသင့်တယ်။)