အသိစိတ်
- ညစ်ပတ်ပုပ်သိုးနေတဲ့ လူ့ခန္ဓာကိုယ်တစ်ခုလုံးကို အပေါ်ယံ အရေပြားလေးက ဖုံးကာထားတာပါလားလို့ သိတဲ့အသိစိတ်။ ခန္ဓာကိုယ်ထဲက အင်္ဂါအစိတ်အပိုင်းတွေ သူ့အလုပ်သူ လုပ်နေကြတဲ့အခါမှာ ငါဆိုတာ ပါကိုမပါပါလားလို့ သိသွားတဲ့ အသိစိတ်။ မျက်စိ၊ နား၊ နှာခေါင်း၊ လျှာ၊ ကိုယ်၊ စိတ်ဆိုတဲ့ ပစ္စည်းခြောက်ခုကြောင့် မြင်သိစိတ်၊ ကြားသိစိတ်၊ အနံ့ကိုသိတဲ့စိတ်၊ အရသာကို သိတဲ့စိတ်။ ခန္ဓာကိုယ် အထိအတွေ့ သိတဲ့စိတ်။ စိတ်ကူး ကြံစည်တွေးတော သိတဲ့စိတ် စတဲ့အသိစိတ်။ (ဆိုင်ရာအာရုံတွေကို ရအောင်ယူနိုင်တဲ့ စိတ်ရဲ့သိခြင်းများ။)
ခန္ဓာငါးပါးထဲက ခံစားစိတ်၊ မှတ်သားစိတ်၊ လှုံ့ဆော်တိုက်တွန်းစိတ်နဲ့ သိတဲ့စိတ်။ ရုပ်ခန္ဓာကိုမှီပြီး စိတ်တွေဖြစ်ရသလို၊ စိတ်ကိုမှီပြီး ရုပ်ခန္ဓာတွေ ဖြစ်နေကြတာပါလားလို့ သဘောပေါက်တဲ့စိတ်။ ခန္ဓာကိုယ်နဲ့ စိတ်တွေရဲ့ အဆက်မပြတ် ဖြစ်ပျက်ပြောင်းရွှေ့နေတဲ့ သဘာဝကို သိကြည့်နေတဲ့ အသိစိတ်။ ခန္ဓာကိုယ်နဲ့ စိတ်တွေကို စောင့်ကြည့်တဲ့အခါမှာ စိတ်ရဲ့အလျဉ်ကို စိတ်ဝင်စားနေမှန်းသိတဲ့ အသိစိတ်။ စောင့်ကြည့်တဲ့ အသိစိတ်ကြောင့် ခန္ဓာကိုယ်က သတ်သတ်၊ စိတ်ဆိုတာက သတ်သတ်၊ သီးခြားစီဖြစ်နေတာကို သတိထားမိတဲ့အသိ။ စိတ်ထဲကို ၀င်လာသမျှ နောက်ကို မလိုက်ဘဲ ဘေးမှာထွက်ပြီး စောင့်ကြည့်သိမှတ်တဲ့အခါမှာ စိတ်ဆိုတဲ့သဘောက အဆက်မပြတ် ဆက်တိုက်ကြီး ဖြစ်နေတာလို့ ထင်ထားခဲ့တာမျိုး မဟုတ်ဘဲ အပိုင်းအပိုင်းနဲ့ တစ်ခုပြီးမှတစ်ခု အပြတ်အပြတ် ဖြစ်နေတာကို သတိထားမိတဲ့ အသိ။ စိတ်ထဲကို ၀င်လာသမျှ စိတ်တွေကို စောင့်ကြည့်သိမှတ်စရာ အာရုံအဖြစ်သဘောထားပြီး သိနေတဲ့အသိဖြစ်အောင် ပြောင်းရွှေ့သိကြည့်နေတဲ့ အသိ။
စိတ်ကို စောင့်ကြည့်တဲ့အခါမှာ သိစရာအာရုံတွေရော၊ သိမှတ်နေတဲ့ အသိတွေရော၊ ရှေ့ဆင့်နောက်ဆင့် မရှိတော့တဲ့ အနေအထားကို သတိထားမိနေတဲ့ အသိ။ သိကြည့်ရင်း သိကြည့်ရင်း ခန္ဓာကိုယ်ရဲ့သဘောတရားတွေနဲ့ စိတ်ရဲ့သဘောတရားတွေကို စနစ်တကျ စည်းကမ်းနဲ့အညီ အားထုတ်နိုင်ရင် လူဖြစ်ကျိုးနပ်ပြီဆိုတဲ့ အသိ။ အသက်ရှင်နေတဲ့အချိန်မှာ သက်သက်သာသာနဲ့ လူဖြစ်ကျိုးနပ်တဲ့ အလုပ်တွေကို လုပ်လို့ရနိုင်တာ သိသွားတဲ့ အသိ။
ဝင်လာသမျှ စိတ်တိုင်းမှာ ခံစားမှုတစ်ခုစီ ပါလာနေတာကို သတိထားမိတဲ့ အသိ။ ခံစားမှုပါလာတဲ့ စိတ်အမျိုးအစားတွေ၊ မိမိစိတ်ထဲမှာ မရှိအောင် ဖယ်ထုတ်နိုင်မှ ဖြစ်မယ်ဆိုတာ သိသွားတဲ့အသိ။ ၀င်လာတဲ့အာရုံနဲ့ သိနေတဲ့စိတ် အညီအညွတ်ထားနိုင်ရင် စိတ်သက်သာနိုင်တယ်လို့ သိလာတဲ့ အသိ။ စိတ်ကိုစောင့်ကြည့် သိမှတ်နေတဲ့အချိန်မှာ ကြားဖြတ်စိတ် ၀င်မလာနိုင်အောင် လက်ရှိလုပ်ကိုင်နေဆဲ အလုပ်ထဲမှာ တည့်မတ်စွာထားနိုင်မှ ဖြစ်မယ်လို့ သဘောပေါက်တဲ့ အသိ။ အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်မှန်သမျှ၊ မိမိစိတ်ကို လာထိတဲ့အချိန်မှာ သတိထား စောင့်ကြည့်ပြီး ခံစားတဲ့အဆင့် မရောက်ခင် ထိတာကို သိသိခြင်း ဖြတ်ပစ်နေတဲ့နည်းကို အသုံးချနေတဲ့ အသိ။
စိတ်အလုပ်ကို အားထုတ်နေတဲ့အချိန်မှာ သတိစိတ်ရှိတယ်၊ မရှိဘူး၊ သိကြည့်နေတဲ့ အသိ။ သတိစိတ်ကိုသာ အကျင့်ပါသွားတဲ့ စရိုက်တစ်ခု ဖြစ်အောင် လေ့ကျင့်နိုင်ရင် စောင့်ကြည့်သိမှတ်တဲ့အလုပ်မှာ အထောက်အကူ အများကြီးရပြီး သိမှတ်မှု အရှိန်ကောင်းနေတာကို သိနေတဲ့အသိ။ အာရုံတစ်ခု ၀င်လာရင် ၀င်လာတဲ့အာရုံနောက်ကို မိမိစိတ်က ပါသွားလား? သိကြည့်နေတဲ့အသိမှာ ရှိနေရဲ့လားဆိုတာကို သတိနဲ့ စစ်ဆေးနေတဲ့ အသိ။ တစ်နေ့တစ်နေ့မှာ စိတ်ဆင်းရဲတဲ့ အကြိမ်အရေအတွက် များနေရတာဟာ ဖြစ်ပြီးခဲ့တဲ့ အကြောင်းတွေပြန်တွေးမိနေလို့၊ မဖြစ်သေးတာတွေကို ကြိုတင်စဉ်းစား တွေးနေမိလို့၊ ဖြစ်ချင်တာတွေကိုပဲ တွေးနေလို့ပါလားဆိုတဲ့ မိမိရဲ့သတိလွတ်နေမှုကို သတိထားမိသွားတဲ့အသိ။ မိမိ စိတ်ဆင်းရဲနေရတာဟာ မိမိတွေးနေတဲ့ အတွေးကြောင့်ဆိုတာ သိသွားတဲ့အသိ။ လူတွေကြားထဲမှာနေပြီး စိတ်ကိုလာလာထိတဲ့ အာရုံမျိုးစုံကို စောင့်ကြည့်သိမှတ်ရင်း လေ့ကျင့်နေသင့်တယ်လို့ သိသွားတဲ့အသိ။ မြင်သမျှ၊ ကြားသမျှစတဲ့ အာရုံခြောက်ပါးကြောင့် မိမိစိတ်အနေအထား ဘယ်လိုပြောင်းရွှေ့သွားလဲ? ရွေ့သွားရင်လည်း ရွေ့သွားမှန်းသိပြီး ချက်ချင်း ပြန်တည့်နိုင်တဲ့အသိ။ စိတ်ကို စောင့်ကြည့်သိမှတ်နေတဲ့အတွက် စိတ်သက်သာမှုရနေတာကို သူတစ်ပါးလည်း သက်သာစေချင်တဲ့ အသိစိတ်။ သတိဆိုတဲ့ ခွက်ထဲမှာ အသိဆိုတဲ့စိတ်တွေသာ အပြည့်ထည့်ထားနိုင်ရင် စိတ်ကိုမှီပြီး ခြယ်လှယ်တဲ့ စေတသိက်တွေ ဘယ်လိုမှ နှောင့်ယှက်လို့ မရဘူးဆိုတာ သိသွားတဲ့အသိ။