ယခုလက်ရှိ ပစ္စုပ္ပန်အချိန်မှာ ထားထားသောစိတ်
- ယခုအချိန်မှာ မိမိဘာလုပ်နေလဲ?
ရေသောက်နေလား?
အ၀တ်အစားလဲနေလား?
လမ်းလျှောက်နေလား?
ရေသောက်နေတယ်ဆိုရင် ရေသောက်ချင်တဲ့စိတ်ကို သိကြည့်လိုက်တယ်။ ရေရှိတဲ့နေရာသွားတယ်။ ရေဗူးဖွင့်တယ်။ ခွက် ထဲလောင်းထည့်တယ်။ တော်လောက်ပြီလို့ စိတ်ကဖြစ်တဲ့အချိန်မှာ ရပ်တယ်။ အဖုံးပြန်ပိတ်တယ်။ ဒါမှမဟုတ် ရေသောက်ရင်းနဲ့ အဖုံးပိတ်တယ်။
(ဒီနေရာမှာ တစ်ပြိုင်တည်း အဖုံးလည်းပိတ်တယ်။ ရေလည်းသောက်နေတယ်လို့ ထင်စရာရှိတယ်။ ဒါပေမယ့် စိတ်အသိက ရေသောက်တဲ့ နေရာမှာရှိနေရင် ရေဗူးအဖုံးက လုပ်နေကျသဘောနဲ့ ပိတ်နေတာပဲဖြစ်တယ်။ စိတ်ဆိုတဲ့ သဘောက တစ်ခုတည်းပဲ သိပေးနိုင်တယ်။)
အ၀တ်အစားလဲနေရင် ဘယ်အင်္ကျီဝတ်မယ်လို့ ကြိုတင်စဉ်းစားထားတာ ရှိမယ်။ ဒါပေမယ့် အ၀တ်အစားတွေမြင်ရင် ဒါမှမဟုတ် ကြိုတင်စဉ်းစားတဲ့ အ၀တ်အစားကို မတွေ့ရင် တွေ့တာပဲ ၀တ်တော့မယ်လို့ စိတ်ကရွေ့သွားတယ်။ ကြိုတင်စဉ်းစားတဲ့ စိတ်မရှိတော့တာရယ်၊ တွေ့တာပဲဝတ်တော့မယ်လို့ ဆုံးဖြတ်တဲ့စိတ် ရွေ့သွားတာကို သတိထားမိနေတာတွေဟာ စိတ်ကို စောင့်ကြည့်သိမှတ်နိုင်နေတဲ့ စိတ်ကြောင့်ပဲ။ စိတ်ကိုစောင့်ကြည့်သိမှတ်နိုင်နေတာကလည်း မိမိစိတ်ဟာ လက်ရှိပြုလုပ်နေဆဲ ပစ္စုပ္ပန်အချိန်မှာ ရှိနေလို့ပဲ။
ယတိပြတ်ဆုံးဖြတ်လိုက်သောစိတ်
- အရင်တုန်းက လက်ခံထားတဲ့အယူအဆတွေ မှားတာပဲဖြစ်ဖြစ်၊ မှားသလိုပဲ ဖြစ်ဖြစ်၊ မမှန်ဘူးဆိုတာကို သက်သေ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ကိုယ်တိုင်လက်တွေ့ သိလိုက်ရပြီဆိုရင်တော့ အရာရာကို အမှန်အတိုင်းပဲ သိမြင်ဖို့ ဆုံးဖြတ်လိုက်တယ်။ သဘာဝတရားရဲ့ အရှိကိုအရှိအတိုင်းပဲ သိမြင်ဖို့ ဆုံးဖြတ်လိုက်တယ်။ စိတ်ဒုက္ခရောက်စေမယ့် ဘယ်လိုအကြောင်းအရာကိုပဲဖြစ်ဖြစ် မလုပ်တော့ဘူးလို့ ဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်တဲ့အတိုင်းလည်း ကျင့်ကြံနေတော့မယ်လို့ ပိုင်ပိုင်နိုင်နိုင် ထပ်မံဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်စိတ်။
ယထာဘူတကျသောစိတ်
- အမှန်တရားအပေါ်မှာသာ စိတ်ကို အမှန်အတိုင်း တည်ဆောက်ထားတဲ့ စိတ်အမျိုးအစား။
ယီးတီးယိုင်တိုင်ဖြစ်နေသောစိတ်
- မတည့်မတ်ခြင်းသဘော၊ မတည်ငြိမ်ခြင်းသဘော၊ စိတ်စွမ်းအား လျော့နည်းနေသော၊ မပြတ်သားသော၊ တွေဝေနေသော အစရှိတဲ့ စိတ်ခွန်အား မရှိတဲ့ စိတ်အနေအထား။
ယုယတတ်သောစိတ်
- မိမိမဟုတ်တဲ့ တစ်ဘက်သားအပေါ်မှာ ခင်မင်သော၊ စာနာသော၊ ငဲ့ညှာသော၊ ချစ်ခင်သော၊ မြတ်နိုးသော၊ စိတ်တွေကြောင့် ညှာညှာတာတာ ယုယုယယ ဖြစ်ပေးလိုက်တဲ့ စိတ်အနေအထား။
ယူကျုံးမရကြေကွဲစိတ်
- မိမိစိတ်ထဲရဲ့ အတွင်းထဲအထိ စူးနစ်ဝင်ရောက်လာတဲ့ ပူဆွေးဝမ်းနည်းစရာ အဖြစ်အပျက်တစ်ခုဟာ ခံစားရတဲ့ အတိုင်းအတာထက် ကျော်လွန်သွားရင်တော့ ဒီခေါင်းစဉ်နာမည်နဲ့ စိတ်အမျိုးအစားကို ကြုံတွေ့ရတော့မှာ သေချာတယ်။
ယိုယွင်းပျက်စီးစိတ်
- ပျက်အစဉ်ပြင်ခဏတဲ့။ ဘယ်လောက်အထိပဲ ပျက်ပျက် ပြင်လိုက်ရင် ခဏလေးနဲ့ ပြန်ကောင်းသွားမှာ။ ဘာ့ကြောင့်ပဲ ပျက်ပျက် ပြင်လို့ရတယ်။ ပြင်ချင်တဲ့စိတ် ရှိဖို့ပဲလိုတယ်။ ပျက်စီးနေတဲ့စိတ်ကို မပြင်ဘဲတော့ မထားပါနဲ့။
ယိုးစွပ်သောစိတ်
- သံသယဖြစ်နေတဲ့စိတ်က သတိလွတ်သွားတဲ့အခါမှာ စွပ်စွဲချင်တဲ့စိတ်အဖြစ် ပြောင်းရွှေ့သွားပြီး စွပ်စွဲခြင်းကိစ္စကို အကောင်အထည် ဖော်လိုက်တဲ့စိတ်။