ရှေ့နောက်မညီသောစိတ်
- အမှန်တရားကိုပဲ လက်ခံပြီး အမှန်တရားအတိုင်းပဲ နေတော့မယ်လို့ ဆုံးဖြတ်ပြီးမှ လက်တွေ့ နေကြည့်တဲ့အခါမှာ နေလို့ မရတဲ့အတွက် အကြောင်းကြောင်းတွေကြောင့်ပါလို့၊ အကြောင်းကြောင်းတွေကို အကြောင်းပြ ဆင်ခြေပေးပြီး ရှေ့က ပြောပြီးတဲ့ စကားအတိုင်း နောက်က လိုက်မလုပ်နိုင်တဲ့စိတ်။
ရှေ့တိုးလို့မရ နောက်ဆုတ်လို့မရ ဖြစ်နေသောစိတ်
- အမှားကို အမှန်လို့ တစ်ချိန်လုံး လက်ခံယုံကြည်ထားခဲ့တဲ့သူဟာ မိမိလက်ခံထားတဲ့ အယူအဆတွေ မှားနေမှန်း သိလိုက်ပေမယ့် အမှားကို လက်ခံထားတဲ့ အချိန်ကြာမြင့်မှုကြောင့် အမှားကို စိတ်အစွဲဖြစ်ပြီး အမှားကို သံယောဇဉ် မဖြတ်နိုင်ဘဲ အမှားကို စွန့်လွှတ်ဖို့ ခက်နေတဲ့ စိတ်အနေအထား။
ရှေ့လောကြီးနေသောစိတ်
- ဖြစ်ချင်မှုစိတ်တွေ၊ လိုချင်မှုစိတ်တွေ၊ ပြင်းထန်လွန်းအားကြီးလာရင် စိတ်အမြန်နှုန်းနဲ့ အညီ ဖြစ်ပေါ်နေတဲ့ လောကြီးစိတ်။
ရှေးဆန်သောစိတ်
- ဘိုးဘွားမိဘ အစဉ်အဆက်၊ မိရိုးဖလာ ရှေးရိုးထုံးစံ စည်းကမ်း အစဉ်အလာအတိုင်း နေထိုင်ကြီးပြင်းခဲ့ရတဲ့ မိသားစုဝင်တွေဆီမှာ ရှိနေတဲ့ ရှေးဆန်စိတ်။
ရှောရှောရှူရှူလက်ခံလိုက်သောစိတ်
- ဒုက္ခက လွတ်မြောက်ချင်ရင် ဖြစ်ချင်၊ လိုချင်နေတဲ့ တဏှာစိတ်ကို ဖြတ်ရမယ်ဆိုတဲ့သဘောကို အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ သိလိုက်ရတယ်။ ကိုယ်တိုင်လက်တွေ့ သိကျင့်ကြည့်တဲ့အခါမှာလည်း မှန်နေတယ်။ စာပေအရရော၊ လက်တွေ့အရရော၊ စောဒကတက်စရာ မရှိတော့လို့ ယုံကြည်ကျေနပ်စွာ လက်ခံလိုက်တဲ့ စိတ်အမျိုးအစား။
ရှိုးတိုးရှန့်တန့်စိတ်
- ရှက်တတ်တဲ့သူတွေဟာ လူအများရှေ့ကို ရောက်ပြီဆိုရင် ဘာ့ကြောင့်မှန်း မသိဘဲ ရှိုးတိုးရှန့်တန့် ဖြစ်နေတတ်တယ်။ ရှက်ကိုးရှက်ကန်း ဖြစ်နေတတ်တယ်။ ရှက်အမ်းအမ်း ဖြစ်နေတတ်တယ်။ ရှက်တတ်တဲ့သူတွေရဲ့ ရှက်စိတ်။
ရှက်ရမ်းရမ်းသောစိတ်
- ခေါင်းစဉ်ထဲမှာ စိတ်အဓိပ္ပာယ် ပါဝင်နေပါတယ်။
ရှင်းလင်းနေသောစိတ်
- အာရုံခြောက်ပါးကြောင့် အဆက်မပြတ် ဖြစ်ပေါ်နေတဲ့ စိတ်တွေဟာ အကြောင်းတိုက်ဆိုင်ရင် စိတ်ထဲကို ၀င်ဝင်လာတာ ဆက်တိုက်ပါပဲ။ ၀င်လာတဲ့စိတ်တိုင်းမှာလည်း ခံစားမှုတစ်ခုစီကတော့ ပါလာစမြဲပဲ။ စိတ်ကို စောင့်ကြည့်သိမှတ်တဲ့ သတိနဲ့နေနေရင်တော့ ဘယ်လိုစိတ်မျိုးမှ လက်မခံဖြစ်တော့ဘူး။ ခံစားမှုဖြစ်စေတဲ့ စိတ်တွေမရှိဘူးဆိုရင် မိမိစိတ်က ရှင်းနေမှာပဲ။ (ရှုပ်နေတယ်ဆိုတာက ခံစားမှုဖြစ်စေတဲ့ စိတ်တွေကို လက်ခံမိနေလို့သာ ဖြစ်ခွင့်ရတဲ့စိတ်တွေက အစွမ်းပြပြီး ရှုပ်ကုန်တာ။)
ရှောင်ကြဉ်တတ်သောစိတ်
- ဘာအလုပ်ပဲလုပ်လုပ်၊ လက်ရှိလုပ်နေတဲ့ အလုပ်ပေါ်မှာပဲ မိမိရဲ့အသိကို တည့်တည့်ထားထားတဲ့ သတိရှိနေရင် ခံစားမှုတွေ ပါလာတဲ့ ကြားဖြတ်စိတ်တွေဟာ ၀င်ခွင့်မရဘဲ ရင်ဆိုင်ဖြေရှင်းစရာ မလိုအောင် ဖြတ်တောက်ရှောင်ကြဉ်ပြီးသား ဖြစ်နေတယ်။
ရှောင်တိမ်းစိတ်
- စိတ်ကို စောင့်ကြည့်သိမှတ်မှု အားကောင်းနေရင် အာရုံခြောက်ပါးကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်မှန်သမျှ ဘယ်လိုပုံစံနဲ့ဝင်လာဝင်လာ ဖဿအဆင့် ထိတွေ့တဲ့အချိန်မှာပဲ ဖြတ်တောက်ပစ်လိုက်တယ်။ ထပ်ဆင့်ပွား ခံစားစိတ်အဆင့် မရောက်အောင် ကြိုတင် ရှောင်တိမ်းတဲ့နည်းကို အသုံးပြုတဲ့သဘောပဲ။ (ခံစားစိတ်ကြောင့်သာ ဒုက္ခမျိုးစုံဖြစ်နေတာပဲဆိုတာ သိနေလို့ ခံစားစိတ်မလာခင် စိတ်အထိမှာ ဖြတ်ပစ်တဲ့ ရှောင်တိမ်းစိတ်။)