(၆) ခက်ထန်ကြမ်းတမ်းတဲ့ ဒေါသသဘောတွေ လုံးဝမပါတဲ့ ဒေါသရဲ့ ဆန့်ကျင်ဘက် အဒေါသ စေတသိက်

မကြမ်းတမ်းခြင်း၊ စိတ်မဆိုးခြင်း၊ ခွင့်လွှတ်ခြင်းသဘောဟာ အဒေါသ စေတသိက်၊

သတ္တ၀ါတွေ ကြီးပွားချမ်းသာစေချင်တဲ့ မေတ္တာစိတ်ဟာ အဒေါသ စေတသိက်၊

စိတ်နေသဘောထား တည်ငြိမ်အေးချမ်းတယ်။ တစ်စုံတစ်ယောက်က ဒေါသနဲ့ ပြောဆိုဆက်ဆံနေရင် သည်းခံပြီး တစ်ဖက်လူ ဒေါသကို တည်တည်ငြိမ်ငြိမ်နဲ့ ရင်ဆိုင်တယ်။ ပြီးတော့ တစ်ဖက်သားရဲ့ ဒေါသကို အဒေါသအုပ်စုဝင် မေတ္တာစိတ်နဲ့ တုံ့ပြန်တယ်။

(၇) အမှန်ကို အမှန်အတိုင်း သိမြင်ခြင်း၊ အမှားကိုလည်း အမှားမှန်း သိမြင်ခြင်းသဘော အမောဟ စေတသိက်

ဉာဏ်ပညာလို့ အဓိပ္ပာယ်ရတဲ့ အမောဟဆိုတဲ့ စေတသိက်က ကံ ကံရဲ့အကျိုးကို သိတတ်တဲ့ ဉာဏ်။ သဘာဝရဲ့ အဓိပ္ပာယ်မှန်တွေကို သိနားလည်တဲ့ဉာဏ်။ ဒုက္ခက လွတ်မြောက်စေတဲ့ အမှန်တရားတွေကို သိတဲ့ဉာဏ်။

ဝိပဿနာဉာဏ်

ဖြစ်ခြင်း၊ ပျက်ခြင်း၊ ချုပ်ငြိမ်းရာကို စိတ်ညွတ်သွားအောင် လေ့ကျင့်ထားနိုင်တဲ့ဉာဏ်၊

သိစရာရှိတာတွေထဲက အမှားနဲ့အမှန်ကို ခွဲခြားပြီး အဆုံးတိုင်ထိ သိတဲ့ဉာဏ်ဟာ ပညာအစစ်ပဲ။

ပညာအတုကတော့ မိမိကို သူများက သဘောကျအောင် ပြောတတ်ဆိုတတ်တယ်။

လိမ်ညာလှည့်စားတတ်တယ်။ ပရိယာယ် မာယာများတယ်။

သူများကို မတရားသဖြင့် အနိုင်ကျင့်တဲ့နည်းတွေဟာ ပညာအတု။

မသိတဲ့သူကို ခေါင်းပုံဖြတ်တာ၊ ညာစားပြီး ဆရာလုပ်တာ ပညာအတု။

ဒီပညာအတုကို ရိုးအတဲ့လူမျိုးတွေ မတတ်ဘူး။

အတွေ့အကြုံများပြီး ဗဟုသုတ အကြားအမြင်များတဲ့သူတွေကသာ လူပေါင်းမှားပြီး မိမိမှာရှိတဲ့ ဗဟုသုတဉာဏ်ကို အလွဲသုံးစား လုပ်လိုက်တာ။

အမောဟ ပညာရှိဖို့ စိတ်ရဲ့သဘာဝ သဘောတရားတွေကို လေ့လာရမယ်။

မိမိသိချင်တဲ့ ဘာသာရပ်ပညာကို ထဲထဲဝင်ဝင် ပြောဆိုသင်ကြားပေးနိုင်တဲ့သူကို ရှာဖွေစုံစမ်းပြီး မေးမြန်း သင်ယူရမယ်။

သင်ယူတတ်မြောက်တဲ့အသိတွေကိုလည်း လက်တွေ့အကောင်အထည် ဖော်ဆောင်ရမယ်။

မသိသေးသူတွေကိုလည်း မိမိသိတဲ့အတိုင်း လက်ဆင့်ကမ်း ဖြန့်ဝေပေးရမယ်။

သတိထားရမှာ နှစ်ချက်

(၁) လူချင်းအတူတူ မိမိဘက်က အဆင့်အတန်း နိမ့်နေတယ်ဆိုရင် မိမိမှာ ထက်မြက်တဲ့ပညာမရှိလို့ပဲ။

(၂) ပညာလွန်တော့မာယာ တဲ့။ အဲဒီအဆင့်တော့ မရောက်စေနဲ့ပေါ့။